Skip to main content
x

ကယားပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ် ၊ ၂၀၂၂ခုနှစ် ၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ် ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ ၊ အနုပညာ ချစ်မြတ်နိုးသည့် တိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲကို မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးဂုဏ် ၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရှိစေရေးစသည့် ဦးတည်ချက်များနှင့်အညီ ယခု၂၀၂၂ ခုနှစ်တွင်(၂၃) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုသုခမ ပညာရပ်များ အရှည်တည်တံ့စေရန် မျိုးဆက်သစ် လူငယ်များအား အမျိုးသားရေး တာဝန်တစ်ရပ်ဖြင့် လက်ဆင့်ကမ်း အမွေပေးရမည်ဖြစ်ကြောင်း ၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမပညာ ရပ်များကို အကောင်းဆုံးဖော်ထုတ်ပြီး နိုင်ငံတကာအလယ်တွင် ဂုဏ်ထည်ဝါအောင် စွမ်းဆောင်ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂ခုနှစ် ၊ ကယားပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မြတ်မင်းမိုး နှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ၊ ဒုတိယဉက္ကဌ ၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ဖျော်ဖြေရေးအဖွဲ့များက ကယားတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအက ၊ ပွဲကြိုက်ခင် တေးသီချင်း(အဆို ၊ အက)  ၊ ၊ အမျိုးသမီးတပင်တိုင်တီးလုံးအက ၊ အင်းသားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက ၊ အမျိုးသားတပင်တိုင်တီးလုံးအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ၊ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာကြသူများက ကြည့်ရှုအားပေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖျော်ဖြေရေးအကအဖွဲ့များနှင့် မြန်မာ့ရိုးရာဆိုင်းဝိုင်း အဖွဲ့သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲအကဲဖြတ် ဒိုင်အဖွဲ့များ၊ တိုင်းရင်းသား အကအဖွဲ့များ ၊ ပြိုင်ပွဲဝင်အဖွဲ့များနှင့် ပြိုင်ပွဲဝင်မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြပြီး ပြိုင်ပွဲဝင်များ၏ ကဏ္ဍအလိုက် အဆို ၊ အက ၊ အရေး ၊ အတီးပါဝင် ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ကယားပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့် ) ပြိုင်ပွဲကို ယနေ့စက်တင်ဘာလ ၂ ရက်နေ့တွင် သတ်မှတ်နေရာများဖြစ်သော ကယားပြည်နယ်ခန်းမ၌ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲ ၊ လွိုင်ကော်မြို့နယ်ခန်းမတွင် အဆိုပြိုင်ပွဲနှင့် အရေးပြိုင်ပွဲများကို စုစုပေါင်း ပြိုင်ပွဲအမျိုးအစား (၂၄) မျိုးဖြင့် ပြည်နယ်အတွင်းရှိ အဆို ၊ အက ၊ ဂီတ ၊ အနုသုခုမ ဝါသနာရှင် စုစုပေါင်း ပြိုင်ပွဲဝင်(၂၂၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ  ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဆုချီးမြှင့်ပွဲအခမ်းအနား၌ အဆို ၊ အက ၊ အရေး ၊ အတီး ကဏ္ဍအလိုက် ဆုပေါင်း (၆၂)ဆုကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် သွားမည်ဖြစ် ကြောင်းသိရသည်။