အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန် ၊ စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများနှင့်တွေ့ဆုံ

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)သို့ တက်ရောက်မည့် ကယားပြည်နယ် ကိုယ်စားပြု သင်တန်းသား ၊ သင်တန်းသူများက ကယားပြည်နယ်ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သင်တန်းတက်ရောက်မည့် ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား ၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင်  နိုင်ငံတော်မှနယ်စပ်ဒေသရှိ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူငယ်သင်တန်းကျောင်းများဖွင့်လှစ် ဆောင်ရွက် ပေးလျက်ရှိကြောင်း ၊ ပြည်နယ်အတွင်းရှိ လူငယ်သင်တန်းကျောင်းများမှ မွေးထုတ်ပေးလိုက်သည့် ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်မှ ဖွင့်လှစ်ပေးသည့် ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ် (ရန်ကုန် ၊ စစ်ကိုင်း) သို့သွားရောက်ပညာ သင်ကြားရသည့်အတွက် ပြည်နယ်မှ ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏စေတနာကို အမြဲ သတိရပြီး သစ္စာရှိရှိ တာဝန်သိသိဖြင့် ထူးချွန် အောင် လေ့လာသင်ယူရန်လိုအပ်ပါကြောင်း ၊ သင်တန်းတက်ရောက် ရသည့်အတွက် တိုင်းဒေသကြီး ၊ ပြည်နယ်ပေါင်းစုံမှ နယ်မြေဒေသအတွေ့အကြုံများ ၊ ရိုးရာဓလေ့များကို လေ့လာ နိုင်မည်ဖြစ်၍ တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများရရှိမည်ဖြစ်ကြောင်း ၊ ပြည်နယ် ကိုယ်စားပြု တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများတွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး ကျောင်းဆင်း ပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှပါဝင်ကာ နိုင်ငံ့ဝန်ထမ်း ကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများအတွက် ခရီးစရိတ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး သင်တန်းသား ၊ သင်တန်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သင်တန်းသား ၊ သင်တန်းသူများကို သက်ဆိုင်သည့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ အဆင်ပြေစွာ သွားရောက်နိုင်ရေးအတွက် စီစဉ်ပို့ဆောင် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသား ၊ ကျောင်းသူအိပ်ဆောင်များ ၊ စားရိပ်သာဆောင် ၊ မီးဖိုဆောင် များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းအတွင်းရှိ ကျောင်းသား ၊ ကျောင်းသူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် အသီးအနှံစိုက်ခင်းများ ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကြက် ၊ ဘဲ မွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှုခဲ့ကြကြောင်းသိရ သည်။