ကယားပြည်နယ် လွိုင်ကော်မြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေး အန္တရာယ်ကြောင့် လူ့အသက်၊ အိုးအိမ်၊ စည်းစိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ၊ စီးပွားရေးနှင့် အခြေခံအဆောက်အအုံ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို လျှော့ချနိုင်ရန် အသိပညာမြှင့်တင်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ပိုမို အလေးထားဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများမှာ ဌာန/အဖွဲ့အစည်းတစ်ခုတည်းဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်း စဉ် မဟုတ်သည့်အတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ပြည်သူများအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် သဘာဝဘေးအန္တရာယ်များကို ကြိုတင်လေ့လာပြီး သတိပေး ထုတ်ပြန်ချက်များ အား အလေးထားလိုက်နာဆောင်ရွက်ကြရန် စသည်ဖြင့်ပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ဒုတိယဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီးက တတိယဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အတွက် UNDRR ၏ သတင်းစကားဗီဒီယိုနှင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ဗီဒီယိုပြသမှုကို ကြည့်ရှု ခဲ့ကြပြီး အထိမ်းအမှတ်နေ့ ခင်းကျင်းပြသထားသော ပြခန်းငယ်အား လှည့်လည် ကြည့်ရှုအားပေး ခဲ့ကြောင်း သိရှိရသည်။
