အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၊ သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲနှင့် (၃၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကျက်သရေဆောင် သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ် ရွှေစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ (၃၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော် ရင်ပြင်တော်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ရပ်နီးရပ်ဝေးမှ ဧည့်သည်တော်များ တက်ရောက်ကြသည်။
    ဦးစွာပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္က အမှူးပြု သော သံဃာတော်အရှင်သူမြတ်များက မြို့နာမ်စေတီတော် ဂန္ဓကုဋိတိုက်၊ အာရုံခံတန်ဆောင်း များနှင့် ဓမ္မာရုံများရှိ ဗုဒ္ဓရုပ်ပွားတော်များအား အနေဇာတင်လှူပူဇော်ခဲ့ကြသည်။  
ထို့နောက် အလှူတော်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ၏ မေတ္တသုတ် အစချီသော ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်မှုကို နာယူ ကြည်ညိုခဲ့ကြသည်။ ထို့နောက် ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံသို့ လည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးက ဟော်ကြီးကျောင်းတိုက်ဆရာတော်ထံသို့ လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကြွရောက် လာကြသည့် ပင့်ကျောင်းဆရာတော်များထံသို့ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    ထို့နောက် မြို့နာမ်စေတီတော်နှင့် အရံစေတီတော်များ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန် လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် အလှူရှင်များက အသီးသီးလက်ခံရယူခဲ့ကြသည်။
    ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ပြီး “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို  ဆုတောင်းခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဧည့်ပရိသတ် များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 
     ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် စုပေါင်းမဟာဘုံကထိန်လှည့်လည်ခြင်းအား ယမန်နေ့က ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်မှ ကန္ဒရဝတီလမ်းမကြီးအတိုင်း ထိုမှတစ်ဆင့် သီရိမင်္ဂလာဈေး၊ တောင်ကွဲစေတီတော်မြတ်နှင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များအတွင်း တိုင်းရင်းသား ရိုးရာ အတီးအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာလှည့်လည်ခဲ့ကြသည်။ 
    ယခုအခမ်းအနားတွင် လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော်နှင့် အရံစေတီတော်များ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းအတွက် ပြည်နယ်အစိုးရအဖွဲ့၏ မတည်လှူဒါန်းငွေ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့်လည်းကောင်း၊ ကထိန်ခံကျောင်း ၇၅ ကျောင်းသို့ ပစ္စည်းနှင့်ငွေပဒေသာပင်များ လှူဒါန်းကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။