Skip to main content
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ မြို့နာမ်စေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ နှင့် ဝတ်အသင်းအဖွဲ့များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ် ဩဝါဒါစရိယ ၊ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သီရိမင်္ဂလာပုံ(ဟော်ကြီး)ကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒိမာထံမှ  ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ ဥတ္တရုံပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇိနောဘာသမှ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ သိကောင်းစရာများ မိန့်ကြားတော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ် ဩဝါဒါစရိယ ၊ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သီရိမင်္ဂလာပုံ(ဟော်ကြီး)ကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒိမာထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ယင်းနောက် လွိုင်ကော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ၊ ရပ်ကွက်နှင့် ကျေးရွာအသီးသီးမှ ဝတ်အသင်းအဖွဲ့ (၈)ဖွဲ့က ဓမ္မစကြာအခါတော်နေ့ ဝတ်ရွတ်စဉ်များကို ရွတ်ဆိုပူဇော်ခဲ့ကြကြောင်း သိရသည်။