အဓိကအကြောင်းအရာသို့ သွားမည်
x

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ သက်ကြီးဘိုးဘွားများနှင့် လူမှုအားမာန်အဖွဲ့များ တက်ရောက်ခဲ့ကြ သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် သက်ကြီးရွယ်အိုများ၏ ဘဝသာယာစိုပြေစေရေး ၊ လုံခြုံသော လူမှုဘဝပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရေးအတွက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာ အခြေခံမူများ ၊ ဥပဒေများနှင့်အညီ ဘက်ပေါင်းစုံမှ ဆောက်ရွက်ပေးနေကြောင်း ၊ ဝင်ငွေလုံခြုံမှု ရှိစေရေးအတွက် လအလိုက်အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း ၊ ဘိုးဘွားရိပ်သာများတွင် နှစ်စဉ် ဆန်၊ အစားအစာ ၊ အဝတ်အစားနှင့် စရိတ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးခြင်း ၊ စီးပွားရေး ၊ လူမှုရေးဆိုင်ရာများ ပံ့ပိုးနိုင်ရန် ဖွဲ့စည်းထားသော သက်ကြီးသူခြင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များကို ကနဦးမတည်ရန်ပုံငွေများ ထူထောင်ပေးခြင်းတို့ကို ဆောင်ရွက် ပေးနေကြောင်း ၊ ကယားပြည်နယ်တွင် လူမှုရေးပင်စင် ထောက်ပံ့ကြေးရရှိသော ဘိုးဘွား(၄၅၈)ဦးကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စက်တင်ဘာလအတွင်း (၁၃.၇၄)ကျပ်သန်း ၊ ပြည်နယ်ဘိုးဘွားရိပ်သာကို (၃.၅၂၈)ကျပ်သန်း ၊ စိန်မာတင် ဘိုးဘွားရိပ်သာကို (၃.၅၂၈)ကျပ်သန်းတို့ကို လူမှုရေး ပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန် များနှင့်အညီ ထောက်ပံ့ပေးခဲ့ကြောင်း ၊ ပြည်နယ်အတွင်း သက်ကြီးရွယ်အို အားလုံး၏ အခွင့်အရေး လုံခြုံသည့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး ၊ ဥပဒေနှင့်အညီအပြည့်အဝ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးတို့အတွက် ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အားလုံးတို့က ဝိုင်းဝန်းပူးပေါင်းပြီး ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်အတွင်းရှိ အသက်အကြီးဆုံးဘိုးဘွား (၃)ဦးအား ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေ အားလည်းကောင်း  ၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေနှင့် ဂုဏ်ပြုဂါရဝ လက်ဆောင်ပစ္စည်းများ အားလည်းကောင်း  အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဘိုးဘွားများကိုယ်စား သက်ကြီးဘိုးဘွားတစ်ဦးက ဆုတောင်းမေတ္တာစကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများနှင့် မိသားစုဝင်များ ၊ လူမှုအားမာန် အဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခမ်းအနားသို့ တက်ရောက် လာကြသော သက်ကြီးရွယ်အိုအဘိုး ၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။