အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုူင်း အစည်းအဝေးကျင်းပပြုလုပ်

ကယားပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုူင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေး ခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊  ပြည်နယ်အတွင်းရှိ အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားများဖြစ်ကြောင်း ၊ ကယားပြည်နယ်အနေနှင့်လည်း ပြည်နယ်၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အတွင်း ကုန်ကြမ်းရရှိရန် သေချာသော စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို အခြေခံသည့် တန်ဖိုးမြှင့် ပစ္စည်းများကို ထုတ်လုပ်ရန်လိုအပ်ကြောင်း ၊ လွိုင်ကော်စက်မှုဇုန် ကိုလည်း ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ စက်မှုဇုန်အတွက် လိုအပ်လျက်ရှိသော ကိစ္စရပ်များကို ပွင့်လင်းစွာတင်ပြစေလိုကြောင်း ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် သက်ဆိုင်ရာဌာနများ ၊ MSME လုပ်ငန်းရှင်များကို အပြည့်အဝပံ့ပိုး ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်က အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်အတွင်းတွင် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းများ အလိုက်ဆောင်ရွက်နေသည့် လုပ်ငန်းအနေ အထားများနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း မှာကြားခဲ့ကြောင်းသိရသည်။