အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် ကယားပြည်နယ်မှ အားကစားသမားများနှင့် ပြိုင်ပွဲဝင် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် ကယားပြည်နယ်မှ အားကစားသမားများနှင့် ပြိုင်ပွဲဝင် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကျင်းပပြုလုပ်မည့် အားကစားပြိုင်ပွဲများသို့  ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကယားပြည်နယ်မှ နိုင်ငံလက်ရွေးစင် ကစားသမားများက ငွေနှင့် ကြေးတံဆိပ်များကို ဆွတ်ခူးရရှိခဲ့ပါသဖြင့် ပြည်နယ်၏ အားကစား သမိုင်းတွင် အားကစား သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ၊ ခေတ်အဆက်ဆက်တွင် ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား အမြောက်အများ မွေးထုတ်ပေး နိုင်ခဲ့ကြောင်း ၊ နိုင်ငံတော်မှ အားကစားအဆင့်အတန်း မြင့်မားလာစေရေး ၊ အောင်မြင်မှုရရှိရေး နှင့် အားကစားမောင်မယ်များ စိတ်ဓါတ်မြှင့်တင် စေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း ထပ်ဆင့်ဂုဏ်ပြု ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ၊ ဆက်လက်၍ နိုင်ငံဂုဏ်ဆောင် ၊ ပြည်နယ် ဂုဏ်ဆောင် အားကစားသမားများ ဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားအား ထုတ်သွားရ မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ တိုက်ကွမ်ဒို အားကစားနည်းတွင် (၅၇)ကီလိုတန်းပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိသော မဒေစီဦးဂျူးလိယက်နှင့် အလေးမပြိုင်ပွဲတွင် (၅၉)ကီလိုတန်းပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိသော မနော်တဘိုးရာတို့ အားလည်းကောင်း ၊ ကယားပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစားသမား (၄)ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  တိုက်ကွမ်ဒိုနှင့် ဘောလီဘော လက်ရွေးစင် အသင်းများအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ၂၀၂၂ခုနှစ် ၊ (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများကိုယ်စား ငွေတံဆိပ်ဆုရ တိုက်ကွမ်ဒိုအားကစားသမား မဒေစီဦးဂျူးလိယက်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ 
၎င်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဝင် မှတ်တမ်း VIDEO အား ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။