အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်ရောက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် ဆက်လက်ကျောင်းတက်ရောက်လျက်ရှိပြီး အဆိုပါကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ပြည်နယ်အတွင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဇွန် ၂ ရက်နေ့မှ စတင်ပြီး  ပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ရှားတော ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ်အသီးသီးတွင်  အခြေခံပညာကျောင်းများကို ဖွင့်လှစ်ခဲ့ရာ ယနေ့တွင်လည်း ကျောင်းသား ၊ ကျောင်းသူများ၏ မိဘအုပ်ထိန်း သူများက ၎င်းတို့၏ သား ၊ သမီး၊  ကျောင်းသား ၊ ကျောင်းသူများ အားကျောင်းများသို့ စောင့်ရှောက် လိုက်ပါပို့ဆောင် ပေးလျက်ရှိကြပြီး ပညာရေးဌာနရှိ တာဝန်ရှိသူများနှင့် ဆရာ ၊ ဆရာမများက ကျောင်းဝင်းအတွင်း တွင်ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာကြိုတင် ကာကွယ်ရေး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားခွင့်နှင့် သင်ယူခွင့် ရရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘများကနေ့စဉ် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။
ထို့အပြင် ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌လည်း အသက်(၅)နှစ် မှ (၁၂)နှစ်အထိ ကျောင်းသား ၊ ကျောင်းသူများအား ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်၍ ကျောင်းသား မိဘများ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေး လျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများနှင့် အေးချမ်း ပျော်ရွင်စွာ ပညာသင်ကြား နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ပညာရေးဦးစီးဌာန အနေဖြင့် စာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သည့် နေ့များတွင်လည်း ထပ်မံ၍ လာရောက်ကျောင်းအပ်နှံသော ကျောင်းသား ၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။