အဓိကအကြောင်းအရာသို့ သွားမည်
x

နယ်စပ်ရေးရာဝန်ကြီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းဖွင့်လှစ်

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်-၂ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၀၉:၀၀ နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်-၁ ဗိုလ်မှူးကြီးမြင့်ဝေ ၊ ပြည်နယ် ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းနည်းပြများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်-၁ ဗိုလ်မှူးကြီးမြင့်ဝေ က နိုင်ငံတော်က ချမှတ်ထားသည့် အိမ်တွင်းမှုသင်တန်းကျောင်းရည်ရွယ်ချက်(၅)ရပ်ဖြစ်သည့် ပြည်ထောင်စု တိုင်းရင်းသူလေးများသည် ပညာရှာမှီးရင်း တိုင်းရင်းသူအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စု စိတ်ဓာတ် ခိုင်မြဲသည့် တိုင်းရင်းသူလေးများ ဖြစ်လာစေရန်၊ နယ်စပ်ဒေသနှင့် ဆင်းရဲနွမ်းပါးသော ဒေသများရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှုသက်မွေးပညာရပ်များသင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက် သည့် အသက်မွေးဝမ်းကြောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်နိုင်သည်အထိ ကူညီ ဆောင်ရွက်ပေးရန်၊ တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်အစဉ်ရှင်သန်ထက်မြက်သည့် အမျိုးသမီးလေးများ ဖြစ်လာစေရန်၊ အိမ်တွင်းမှုပညာရပ်များ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး စားဝတ်နေရေးဘက်စုံတိုးတက်၍ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်စောင့်ထိန်းပြီး အကျင့်စာရိတ္တကောင်းမွန်သည့် အမျိုးသမီးလေးများ ဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဆရာမကြီးဒေါ်မြမြအေး က အခြေခံစက်ချုပ်ဘာသာရပ်၊ စင်တီမီတာနည်းဖြင့်ချုပ်ခြင်း၊ မော်တာအပ်ချုပ်စက်အခြေခံချုပ်နည်း၊ လက်မှုဘာသာရပ်၊ အချက်အပြုတ်ဘာသာရပ် စသည့် သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်လာကြသူများက ခန်းမအတွင်းခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများနှင့် ခေတ်မီဒီဇိုင်းလက်ရာများကို ကြည့်ရှုခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ကယားပြည်နယ်အတွင်းမှ တိုင်းရင်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေလ ၁၇ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ ရက်သတ္တ ၁၈ ပတ် ကြာမြင့်မည်ဖြစ်ကြောင်းသိရှိရသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် (လားရှိုး၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ ကွန်ဟိန်း) မြို့များရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင်လည်း သင်တန်းဖွင့်ပွဲများ အသီးသီး ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။