ဖားဆောင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာသို့ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

16-10-2019 1

16-10-2019 2

16-10-2019 3

(၂၀၁၉ အောက်တိုဘာ ၁၂)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ လိုလားချက်များ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး လူထုတွေ့ဆုံပွဲများ ကျင်းပပြုလုပ်လျက်ရှိပြီး တစ်ပြည်နယ်လုံး အတိုင်း အတာဖြင့် လျှပ်စစ်ဓာတ်အားစနစ်မှ လျှပ်စစ်မီးလင်းရေး အလေးထားဆောင်ရွက်လျက်ရှိရာ လျှပ်စစ် မီးလိုင်းများ မရောက်ရှိမီ ကာလအတွင်း ပြည်သူများအဆင်ပြေစေရန်ရည်ရွယ်၍ ဆိုလာနှင့်ဆက်စပ် ပစ္စည်း ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားအား (၁၂-၁၀-၂၀၁၉) ရက်နေ့ (၁၀၀၀)နာရီအချိန် ဖားဆောင်းမြို့၊ ဖားစည်သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စား လှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် ဆိုလာပေးအပ်ပွဲနှင့် လူထု တွေ့ဆုံပွဲ အခမ်းအနားသို့ ကြွရောက် လာသည့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသော သုခနှင့်ပြည့်စုံကြပါစေကြောင်း၊ ယနေ့အခမ်းအနားတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ အကျိုးကို ကြိုးပမ်းလျက်ရှိသည့် ဌာနဆိုင်ရာများအနေနှင့် အခါကြီးရက်ကြီး ရုံးပိတ်ရက်များတွင် လိုက်ပါဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ အမှန်ကတယ် စိတ်ရင်းစေတနာဖြင့် ပြည်သူ့အကျိုးအတွက် လိုက်ပါဆောင်ရွက်ပေးမှုကို အသိအမှတ်ပြုပြောလိုပါကြောင်း၊ ထို့နည်းတူ ဆိုလာလက်ခံရယူမည့် တိုင်းရင်းသားသူများအတွက် ဝမ်းမြောက်ဂုဏ်ယူ အသိအမှတ်ပြုပါကြောင်း၊ သက်ဆိုင်ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ဌာနတို့မှ ရန်ပုံငွေလျာထားမှုများကြောင့် ယင်းသို့ဆောင်ရွက် နိုင်ခြင်းဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းနိုင်ရန်အတွက် ရန်ပုံငွေများ လျာထားသော်လည်း ရန်ပုံငွေကန့်သတ်ချက်များကြောင့် ဆောင်ရွက်မပေးနိုင်သေးခြင်းဖြစ်ပါကြောင်း၊ ယင်းအတွက်ကြောင့် အစွန်အဖျားရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများအတွက် ပေးအပ်နိုင်ရေး စီစဉ်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ လွှတ်တော် (၃)ရပ်မှ ကိုယ်စားလှယ်များ၏ တင်ပြချက်များကြောင့်လည်း ယခုကြိုးပမ်းဖော်ဆောင်နိုင်ခြင်းဖြစ်ပါကြောင်း၊ ယင်းအပြင် မီးမရရှိသေးသည့် ပြည်သူများမှ တင်ပြတောင်းဆိုချက်များကြောင့်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ယုံကြည်မှုဖြင့် စုစည်းညီညွတ်စွာဖြင့် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်စေတနာထားခြင်းဖြင့် ယခုထက်မက တိုးတက်အောင်မြင်သည့် အခြေအနေများကို ဖော်ဆောင်ကြရန်လိုပါကြောင်း၊ တစ်ချိန်က ရှိခဲ့သည့် အမုန်း၊ အငြိုး၊ အာဃာတများကို ထားခဲ့ပြီး ပြုပြင်ပြောင်းလဲ၍ နောင်လာ နောက်သားများအတွက် အမွေကောင်းများ ထားခဲ့ကြရမည်ဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားတွင် ဆိုလာပေးအပ်ခြင်းအပြင် လူထုတွေ့ဆုံပွဲကိုလည်း ကျင်းပပြုလုပ်မည်ဖြစ်ရာ ဒေသခံပြည်သူများအနေနှင့် မိမိတို့ ဒေသဖွံ့ဖြိုးရေးအတွက် လိုလားချက်များအားတင်ပြပေးကြ ရန်ဖြစ်ပြီး မိမိတို့သိရှိလိုသည်များကို စိတ်ရင်းစေတနာမှန်ဖြင့် အပြုသဘောဆန်စွာ တင်ပြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖားဆောင်းမြို့နယ်၊ ကရယ်ခီးကျေးရွာအုပ်စု၊ ယူဟဲဒေါခိုကျေးရွာအတွက် ဆိုလာ(၁၄)စုံနှင့် ကွာခီးကျေးရွာအုပ်စု၊ ထိုးကဒူး ကျေးရွာအတွက် ဆိုလာ (၄၅)စုံ စုစုပေါင်း ဆိုလာ(၅၉)စုံအားပေးအပ်ဆောင်ရွက်ခဲ့ပြီး ကျေးရွာများရှိ ဒေသခံပြည်သူ များက လက်ခံဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဖားဆောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌမှ တင်ပြရာတွင် စီမံကိန်း လျာထာထားချက် မြို့နယ်အဆင့်နှင့်လျော်ညီသည့် အားကစားကွင်းဆောင်ရွက်ပြီးဖြစ်ရာ မြို့နယ်အဆင့်ပန်းခြံ တစ်ခု ဖော်ဆောင်လိုကြောင်း၊ ပန်းခြံမြေနေရာအား ရတနာမာန်အောင် စေတီတော်အနီးတွင် ဆောင်ရွက်လိုကြောင်း၊ ယင်းပန်းခြံဆောင်ရွက်ပြီးပါက ဒေသခံပြည်သူများ၊ ဆေးရုံမှ လူနာများ အပြင် လူနာစောင့်များ လာရောက် အနားယူအပန်းဖြေနိုင်မည်ဖြစ်ကြောင်း၊ မော်ချီးတောင်ပေါ် ကျေးရွာမှ တင်ပြရာ ဒေသခေတ်စနစ်နှင့် ကိုက်ညီသည့် အအေးခန်းအခေါင်းတစ်ခု ဆောင်ရွက်ပေး စေလိုပြီး သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့အပြင် ခြောက်သွေ့ ရာသီရောက်ရှိလာပြီဖြစ်၍ မြေထိန်းနံရံများကို ယင်းရာသီတွင် ပြုလုပ်ပေးစေ လိုကြောင်း၊ ဖားဆောင်းလူမှုကူညီရေးအသင်းမှ တင်ပြရာတွင် အသင်းအဖွဲ့ မှတ်ပုံတင်ရရှိ ထားပြီး အသင်းအတွက် မော်တော်ယာဉ်(၂)စီးလွှဲပြောင်းရရှိခဲ့ပါကြောင်း၊ လက်ရှိတွင် လူမှုကူညီရေး အဖြစ် မယ်စဲ့ဒေသ တစ်ဝို၆က်နှင့် ဖားဆောင်းဒေသတွင် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မော်တော်ယာဉ်များအနေဖြင့် ကာလကြာမြင့်ပြီဖြစ်၍ ယာဉ်ကြံ့ခိုင်မှုအားနည်းနေသဖြင့် လူနာတင် ယာဉ်တစ်စီး ထောက်ပံ့ပေးစေလိုကြောင်း၊ ဖားဆောင်းကျေးရွာအုပ်စုမှတင်ပြရာ အုပ်စုအုပ်ချုပ်ရေး မှူးရုံး ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်၍ ခြံစည်းရိုးကာရံရန် ခက်ခဲလျက်ရှိရာ စည်းရိုးနှင့် မြေထိန်းနံရံ ဆောင်ရွက်ပေးစေလိုကြောင်း၊ ခဲမဖြူကျေးရွာမှ တင်ပြရာ ရွာတွင် ထ(ခွဲ)ကျောင်းနှင့် မူလွန်ကျောင်း ရှိပြီး အားကစားကွင်းတစ်ခုရှိ၍ ယင်းကွင်း၌ ပွဲများကျင်းပလျက်ရှိပါကြောင်း၊ လက်ရှိတွင် ငြိမ်းချမ်းရေး ဘောလုံးပွဲ ကျင်းပလျက်ရှိပြီး မော်တော်ကားအမောင်းသင်ခြင်းနှင့် ကျွဲနွားများလာ ရောက် လွှတ်ကျောင်းမှုများရှိ၍ နှစ်စဉ် ထိန်းသိမ်း နေရပါကြောင်း၊ သို့ဖြစ်ရာ ဘောလုံးကွင်း အတွက် ခြံစည်းရိုး ဆောင်ရွက်ပေးစေ လိုကြောင်း ဖြင့် အသီးသီးသီး တင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ဖားဆောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ တင်ပြရာတွင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ရေရရှိ ရေးလုပ်ငန်းများအား ကျွမ်းကျင်သူများနှင့်အတူ ကွင်းဆင်းစိစစ် တိုင်းတာဆောင်ရွက်ပြီး ရန်ပုံငွေများကိုလည်း ခန့်မှန်းတွက်ချက်ပြီးဖြစ်ရာ သက်ဆိုင်ရာဌာနများ အနေနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ အချိန်မီစိစစ်တင်ပြပေးသွားရန် တိုက်တွန်း တင်ပြခဲ့ပါသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဖြေရှင်းဖြည့်ဆည်းဖော်ဆောင်ပေးနိုင်မည့် အခြေအနေများအား ပြန်လည်ရှင်းလင်း ဆောင် ရွက်ခဲ့ကြပြီး ​ဒေသခံပြည်သူ တစ်ဦးမှ ​ကျေးဇူးတင်စကား ​ပြောကြားကာ (၁၂၀၀) နာရီ အချိန်တွင် အခမ်းအနား ​အောင်မြင်စွာ ပြီး​မြောက်ခဲ့ပါသည်။