အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား တက်ရောက်

ကယားပြည်နယ် ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို   ယနေ့နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ပြည်နယ်ခန်းမတွင်ကျင်းပရာ  ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ပညာရေးဌာနမှတာဝန်ရှိသူများ ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းသား ၊ ကျောင်းသူများက “ဒို့ပြည်နယ်အားလုံး ကျောင်းအပ်ပါစို့ကွယ်” သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အမျိုးသားပညာရေးမြင့်မားရေးအတွက် ပြည်နယ်အတွင်းတွင် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု မူဝါဒများနှင့်အညီ ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း ၊ နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်မျိုးဆက်သစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးရသည့် ဆရာ ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း ၊ ဘက်စုံပညာရေးကဏ္ဍမြင့်တင်ရေးနှင့် ကျောင်းသား ၊ ကျောင်းသူများ အတန်းပညာ ၊ အတတ်ပညာ ၊ အသိပညာများမြင့်မားလာစေရေးအတွက် သက်ဆိုင်ရာဌာနများ ၊ ဆရာ ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ ကျောင်းသားမိဘများပူးပေါင်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ် ပညာရေးမှူးရုံး ၊  ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင် ကပြည်နယ်အတွင်း ကျောင်းများဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံမှု အခြေအနေများ ၊ အခမဲ့ပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ၊ အမျိုးသားပညာရည် မြင့်မားရေး လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)မှ ချမှတ်သည့်မူဝါဒများ ၊ ဆရာ ၊ ဆရာမ များ၏ အရည်အသွေးပြည့်မီစေရန် ဆောင်ရွက်ပေးမှုများ ၊ ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုကိုနည်းစနစ်သစ်များဖြင့်  စစ်ဆေးတိုင်းတာမည့်  သင်ကြားရေးဆိုင်ရာ နည်းလမ်းများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်ရိုးသစ် Grade-5 ၊ Grade-9 နှင့် Grade-12 ကျောင်းသုံးပုံနှိပ် စာအုပ်များ ၊ ဗလာစာအုပ်များ ၊ ကျောင်းသုံးစာရေး ကိရိယာများ ကိုအခမဲ့ပေးအပ်ခဲ့ကြရာ ကျောင်းသား ၊ ကျောင်းသူများက လက်ခံရယူခဲ့ကြပြီး ပြည်နယ် ပညာရေးမှူးရုံး ၊ ညွှန်ကြားရေးမှူးက   ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား ၊ ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာ ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ပညာရေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ ၊ ကျောင်းသား ၊ ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေ သည့်ကျောင်းသုံး ပုံနှိပ်စာအုပ် ၊ ဗလာစာအုပ် နှင့် စာရေးကိရိယာများ ၊ ခင်းကျင်းပြသထားမှု များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။