အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)သို့တက်ရောက်

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊  ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်အတွင်း စားသုံးမှုဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ၊ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း ၊ ပြည်နယ်အတွင်းတွင် လက်ရှိဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အဓိကအားထားပြီး လုပ်ငန်းသစ်များ တိုးတက်လာစေရန် ကူညီအားပေးရမည်ဖြစ်ကြောင်း ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထပ်မံတိုးပွားလာစေရန် ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒ ၊ လုပ်ထုံးလုပ်နည်း ၊ နည်းစနစ်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှု လျာထားချက်များကို ပြည့်မီအောင် သက်ဆိုင်ရာ ဌာနများက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ၊ ပြောင်းအခြောက်ခံ သန့်စင်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လျှောက်ထားလာမှုများ ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်း က တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်နေမှု အခြေအနေများ ကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ပြန်လည် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြောင်းအခြောက်ခံ သန့်စင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လျှောက်ထားလာသော Treasure Corn Company Limitedအား အတည်ပြုမိန့် ပေးအပ်ခဲ့ရာ အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူက လက်ခံရယူခဲ့ ကြောင်းသိရသည်။