အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့်ပတ်သက်၍ ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ ကျင်းပ

နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့်ပတ်သက်၍ ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်စီစဉ်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကယားပြည်နယ်အတွက် မတည်ထောက်ပံ့ငွေအဖြစ် ပေးအပ်သောကျပ် (၁၀)ဘီလီယံကို ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် သတ်မှတ်ကာလအတွင်း ချမှတ်ပေးထားသော အခြေခံမူများ ၊ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ ၊ ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ၊ ပြည်နယ်အတွက် အမှန်တကယ်အကျိုးရှိပြီး ကျေးရွာလူထု ကိုယ်တိုင်ပါဝင်သည့် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေး ၊ နိုင်ငံတော်၏ စီးပွားရေး အခြေအနေကို ပြန်လည်မြှင့်တင်ရာတွင် ပြည်နယ်အနေဖြင့် တစ်ဖက်တစ်လမ်းမှ အကျိုးပြု ဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးက အရှိန်အဟုန်ဖြင့် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်ပေးမည့် နည်းလမ်းများ ၊ မြို့နယ်များအလိုက် ဆောင်ရွက်မည့်ကျေးရွာများ ၊ ကျေးရွာများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြဆွေးနွေးမှုအပေါ် ဖြည့်စွက်ဆွေးနွေး ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ၊ ကျေးရွာများအလိုက် ညွှန်ကြားချက်များ နှင့်အညီ ကော်မတီများ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ရန် ၊ မြို့နယ်နှင့် ကျေးရွာများ အလိုက် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်းအစီအမံများ ရေးဆွဲတင်ပြရန် ၊ ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့က လုပ်ငန်းလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။