အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ခရိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ကုန်စည်ယာဉ်ကြီးများအသင်းနှင့် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီတို့နှင့် တွေ့ဆုံဆွေးနွေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ၊ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ၊ လွိုင်ကော်ခရိုင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ ဌာနဆိုင်ရာများ ၊ ကုန်စည်ယာဉ်ကြီးများအသင်းနှင့် ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီဝင်များတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြည်နယ်အတွင်းတွင် ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းရင်ဆိုင်နေရသော ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကို ပြည်နယ်အတွင်းတွင်လည်း ခံစားနေရကြောင်း ၊ အဆိုပါကပ်ရောဂါကို ကာကွယ်ကုသရာတွင် ပြည်သူတစ်ဦးတစ်ယောက်တိုင်းက ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို အလေးထားလိုက်နာရန် အဓိကလိုအပ်ပါကြောင်း ၊ ကိုဗစ်-၁၉ ရောဂါသည် လူမျိုးဘာသာ၊ ပါတီ ၊ နိုင်ငံရေးတို့နှင့်မသက်ဆိုင်ဘဲ လူသားအားလုံးနှင့်ဆိုင်သော ကပ်ရောဂါဖြစ်သည့်အတွက် လူသားတိုင်းတွင် ဝိုင်းဝန်းကာကွယ်ရန်တာဝန်ရှိပါကြောင်း ၊  ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေး နေသော ပြည်နယ်အတွင်းရှိဆေးရုံအသီးသီးတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများက ရှိသည့်ဝန်ထမ်းဦးရေဖြင့် ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနေသည့်အတွက် အဆိုပါကျန်းမာရေး ဝန်ထမ်းများအား ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အထူးပင်ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ၊ ကယားပြည်နယ်တွင် ယခုအခါ၌ ကိုဗစ်-၁၉အပါအဝင် အခြားရောဂါများအတွက် လိုအပ်ချက်ဖြစ်သော အောက်စီဂျင်ကို ပြည်သူများအတွက် လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ပေးထားပြီဖြစ်ပါကြောင်း ၊ ဆေးဝါးဆိုင်ရာ လိုအပ်ချက်အနေဖြင့်လည်း ဆေးရုံများတွင် ကင်ဆာရောဂါ ၊ ကျောက်ကပ်ရောဂါနှင့်အခြားလိုအပ်သော ဆေးဝါးများကို နိုင်ငံတော်အနေဖြင့် အပြည့်အဝအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးထားပါ၍ ပြည်သူများအနေဖြင့် ဆေးရုံများတွင် မိမိတို့၏ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကိုရရှိနိုင်ပါကြောင်း ၊ ဆေးရုံသန့်ရှင်းရေး အတွက်လည်း ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ၊ လွိုင်ကော်မြို့အပါအဝင် မြို့နယ်အတွင်းရှိ မြို့တိုင်းသန့်ရှင်းသာယာစေရေးအတွက်လည်း ဆောင်ရွက်သွားကြစေလိုကြောင်း ၊ ကုန်စည်များစီးဆင်းမှု လွယ်ကူလျင်မြန်စေရေးအတွက်လည်း ဆောင်ရွက်ပေးနေပါကြောင်း ပြည်နယ်နှင့် ပြည်နယ်အတွင်းရှိ လူမျိုးများအားလုံး တိုးတက်စေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ပြည်နယ်သူပြည်နယ်သားများ အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း စသည်တို့ကို လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ၊ ပြည်နယ်တိုင်းရင်းဆေးပညာ ၊ ကုန်စည်ယာဉ်ကြီးများ အသင်းနှင့် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီဝင်တို့က ပြည်နယ်အတွင်းလက်ရှိ ဆောင်ရွက်ပေးနေမှု အခြေအနေများ ၊ လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်ချက်များကိုလမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရသည်။