အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအရှိန်အဟုန်မပြတ် ဆောင်ရွက်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့ကို မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေး အလေးထားအကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်မြို့ မြို့နာမ်စေတီတော် ပရဝဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှု၊ ကယားဒေးကွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ရှိ ဘောလုံးကွင်းနှင့် အားကစားခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၃၈) နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မြို့နာမ်ရွှေစေတီတော်ရင်ပြင်တော်၊ ဗုဒ္ဓမြတ်စွယ်တော်တိုက်၊ စေတီတော်အထက်ပစ္စယံနှင့် ဂန္ဓကုဋီတိုက်အတွင်းရှိ ရုပ်ပွားတော်များ ရောင်တော်ဖွင့်ခြင်း ဝေယျာဝစ္စဆောင်ရွက်နေမှုများနှင့် စေတီတော်ပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု များကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ကယားပြည်နယ်နေ့ကျင်းပသည့် ကယားဒေးကွင်းသို့ သွားရောက်ပြီး ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ကွင်းပတ်ဝန်းကျင် တွင် ချုံမြက်များရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) သို့ သွားရောက်ပြီး အထူးတန်းပွဲကြည့်စင်၊ ကစားသမားနားနေဆောင်များ၊ လူထုပွဲကြည့်စင်၊ ဘောလုံးကွင်းနှင့်ပြေးလမ်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးကွင်းများ၊ အားကစားသမား နားနေခန်းများနှင့် ပွဲကြည့်စင်များအား သတ်မှတ်ထားသည့် အင်္ဂါရပ်နှင့်အညီဖြစ်စေရေး စနစ်တကျပြုပြင်ဆောင်ရွက်ရန်နှင့် နားနေဆောင်များ၊ အားကစားရုံနှင့် ရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရ သည်။