အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးအဖွဲ့ အခြေခံဝန်ထမ်းများအတွက် ဆန်၊ ဆီများနှင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နိုင်ရန် မြက်ဖြတ်စက်များ ထောက်ပံ့ ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အခြေခံ ဝန်ထမ်း (၁၃၂) ဦးအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက် (၂၃) ရပ်ကွက်အတွက် မြက်ဖြတ်စက် (၄၈)လုံး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံဝန်ထမ်း များ၏ အခန်းကဏ္ဍသည် အဓိကကျကြောင်း၊ စည်ပင်သာယာရေးအဖွဲ့ အခြေခံဝန်ထမ်းများ သည် မြို့များကို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများ၏ နေ့စဉ်လူမှု ဘဝတွင် အဆင်ပြေချောမွေ့စေရန် လုပ်ငန်းတာဝန်များကို နေပူမိုးရွာမရှောင် ကျေပွန်အောင် ဆောင်ရွက်နေကြသူ များဖြစ်ပါကြောင်း၊ ပြည်သူများ၏ နေ့စဉ်လူမှုဘဝများ အဆင်ပြေချောမွေ့စေရန်နှင့် လွိုင်ကော်မြို့ကို ပြည်နယ်၏ မြို့တော်အင်္ဂါရပ်နှင့်အညီ Green city/Clean city/ Smart city ဖြစ်လာစေရေး အကောင်အထည်ဖော်ရာတွင် ပြည်နယ်အစိုးရ ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ အလေးထားကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီများအားလည်းကောင်း၊ နောင်ယား (က)၊ နောင်ယား (ခ)၊ နာနတ်တောနှင့် ဒေါဥခူ ရပ်ကွက်များအတွက် မြက်ဖြတ်စက်များအားလည်းကောင်း ပေးအပ်ရာ ကိုယ်စားလှယ် အသီးသီးက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီများနှင့် မြို့ပေါ်ရပ်ကွက်များအတွက် မြက်ဖြတ်စက်များ ထောက်ပံ့ပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူသည်။
ယင်းနောက် ဝန်ထမ်းတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးတို့က ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာကြသည့် စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။