အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ယူနေမှုအား ကြည့်ရှုအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့ မှစတင်၍ဖွင့်လှစ်ခဲ့ရာ ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် ကျောင်းတက်ရောက်၍ ပညာသင်ကြား လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် နှင့်တာဝန်ရှိသူများက လွိုင်ကော်မြို့ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း သွားရောက်၍ စာသင်ခန်းများတွင် ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ စာပေပညာသင်ယူနေမှုများ ၊ နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းဝတ်စုံ ၊ ကျောင်းသုံးပုံနှိပ်စာအုပ် ၊ ဗလာစာအုပ်နှင့်ခဲတံ ၊ ဘောပင်များရရှိမှု ၊ စာသင်ဆောင် ၊ စာသင်ခန်း ၊ စားပွဲကုလားထိုင်နှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိမရှိ  ၊ ဆရာနှင့် ကျောင်းသားအချိုး မျှတမှုရှိမရှိ အခြေအနေ ၊  ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ကျောင်းကျန်းမာရေးလှုပ်ရှားဆောင်ရွက်မှု အခြေအနေတို့တို လှည့်လည် ကြည့်ရှုခဲ့ကြပြီး စာသင်ခန်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် ဘက်စုံပညာရေးကဏ္ဍတိုးတက်စေရန် အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိပြီး ကယားပြည်နယ်အတွင်းတွင် အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေး အတွက်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့်  ပညာရေးဌာန တာဝန်ရှိသူများက        ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ထားသည့် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည်။