အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ၊ ၂၀၂၂ ခုနှစ် ၊ (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ကယားပြည်နယ် ၊ ၂၀၂၂ ခုနှစ် ၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဆပ်ကော်မတီများ နှင့် သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပညာရှင်များ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက် (၉)ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်(၃)ရပ်တွင် တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဟူသည့်အချက် ပါဝင်လျက်ရှိရာ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များသည် အဓိကအခန်းကဏ္ဍနေရာမှ ပါဝင်ကြောင်း ၊ ပြည်နယ်အဆင့် အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် ပြည်ထောင်စု အဆင့်သို့  ပြည်နယ်ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် အရည်အချင်းပြည့်မှီသော ပြိုင်ပွဲဝင်အနုပညာရှင် များအား သတ်မှတ်စည်းကမ်းချက် များနှင့်အညီ စနစ်တကျ စုဖွဲ့ရွေးချယ်လေ့ကျင့်ပြီး ပြည်ထောင်စုအဆင့်တွင် အောင်မြင်မှု ရရှိသည်အထိ မျှော်မှန်းပြီး ဆောင်ရွက်ကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြိုင်ပွဲဝင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားမှု နှင့် လုပ်ငန်းတာဝန်များ ၊ ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲအဆင့်များနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီ အသီးသီးနှင့် ပညာရှင်များက လုပ်ငန်းအလိုက် ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့်အခြေအနေများ ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။