အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ

၂၀၂၂ခုနှစ် ၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ လွိုင်ကော်တက္ကသိုလ် ပရဝုဏ်အတွင်း ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ လွိုင်ကော်တက္ကသိုလ်မှ ဆရာ ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲအတွက် ပျိုးပင်များကို ဖြန့်ဝေပေးအပ်ရာ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ၊ ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး နှင့် တက္ကသိုလ်ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲ အထိမ်းအမှတ် သစ်ပင်များကို သတ်မှတ်နေရာများတွင် အသီးသီး စိုက်ပျိုးပေးကြပြီး သစ်ပင်စိုက်ပွဲတော်တွင် ပျော်ရွင်စွာစုပေါင်း သစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ကယားပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ ၊ ကြီးမြန်သစ်မျိုးများ ၊ အရိပ်ရသစ်မျိုး များပါဝင်သည့် လူထုဖြန့်ပျိုးပင် (၁၀၂,၅၀၀)ကိုပျိုးထောင်ထားပြီး ယနေ့မိုးရာသီ  စုပေါင်းသစ်ပင် စိုက်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကံ့ကော် ၊ စိန်ပန်းနီ ၊ စိန်ပန်းပြာ ၊ မဟော်ဂနီ ၊ ခရေ စသည့် သစ်မျိုးပင် (၁၃)မျိုး ၊ စုစုပေါင်း ၂၃၀၄ ပင်ကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် အင်အား (၂၅၀)ကျော်တို့က သတ်မှတ်နေရာများတွင် ပျော်ရွင်စွာဖြင့် စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။