အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက ဘောလခဲမြို့နယ် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေ ၂၇ ရက်နေ့တွင် ဘောလခဲမြို့နယ်သို့ သွားရောက်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ပထမဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘောလခဲမြို့နယ် ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ရောက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ ၊  မြို့မိ ၊ မြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံခဲ့ သည်။
တွေ့ဆုံပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး က ကယားပြည်နယ် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို စနစ်တကျ အောင်မြင်‌အောင် ဆောင်ရွက်ရန်နှင့် ခရိုင်အတွင်းတွင် သီးနှံများကိုစိုက်ပျိုးရာသီအမီ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများက ဦးဆောင်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း ၊  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့ မည်ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆရာ ၊ ဆရာမများနှင့်  ကျောင်းသား ၊ ကျောင်းသူများ၏ လိုအပ်ချက်များကို အထူးအလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးအား ဦးတည်အုပ်စုအလိုက် ခရိုင်အတွင်း ရာနှုန်းပြည့်မီအောင် ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ လျှပ်စစ်မီး အမြန်ပြန်လည်ရရှိရေးအတွက်လည်း  စီမံဆောင်ရွက်လျက်ရှိကြောင်း ၊ ကဏ္ဍအသီးသီးတွင် ဒေသ၏ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင် စေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဘောလခဲမြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများက စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြည့်ဆည်းပေးစေလိုသည့်လုပ်ငန်းများ ၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက် ပေးစေလိုသည့် လုပ်ငန်းများ ၊  ပရဟိတလုပ်ငန်းဆောင်ရွက်နေသော အသင်းအဖွဲ့များ၏ လိုအပ်ချက် များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက  ခရိုင် ၊ မြိုနယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ နှင့် ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း ၊ ဘောလခဲခရိုင် အတွင်းရှိ စိုက်ပျိုးတောင်သူများကို သဘာဝမြေသြဇာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဘောလခဲမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ဆေးသိုလှောင်ရုံတွင် ဆေးဝါးများ စနစ်တကျ ထားသိုထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကာ မြို့နယ်ဆေးရုံတွင် ပြည်သူများ ဆေးကုသရာ၌ ဆေးဝါးများ မပြတ်လပ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး  ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဆေးရုံကြီး၌  ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသည့် လူနာများကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် ဘောလခဲမြို့နယ် မြို့မရဲစခန်းအား သွားရောက်စစ်ဆေးပြီး မြို့နယ်ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။