အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ဆယ်ယူရေး၊ လမ်းဘေးဝဲယာတစ်လျှောက်သန့်ရှင်းသာယာလှပရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့အား ပြည်နယ်မြို့တော် အင်္ဂါရပ်များနှင့် အညီဖြစ်စေရေး သာမက ပြည်နယ်တွင်း စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးကိုပါ အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကန္ဒရဝတီလမ်းမကြီးနှင့် လွိုင်ကော်-ရှားတော လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု အခြေအနေ များနှင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယား(ခ)ရပ်ကွက်ရှိ ကန္ဒရဝတီ လမ်းတစ်လျှောက် စည်ပင်သာယာရေးဝန်ထမ်းများက မိုးကုန်ကာလတွင် ရေမြောင်းများ အတွင်း သဲ၊ နုန်း၊ အမှိုက်သရိုက်များ ကင်းစင်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ ဆယ်ယူခြင်းနှင့် လမ်းဘေးဝဲယာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လည်းကောင်း၊ လွိုင်ကော်-ရှားတောလမ်းမကြီးတစ်လျှောက် ပြည်နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများ လမ်းဘေးဝဲယာ သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လည်းကောင်း  ကြည့်ရှုစစ်ဆေးခဲ့သည်။  
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် နောင်ယား(က) ရပ်ကွက်သို့ ရောက်ရှိပြီး အခြေခံပညာကျောင်းသားကျောင်းသူများ အာဟာရဖြည့်စွက်စာ နွားနို့ တိုက်ကျွေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်  နို့စားနွား ကောင်ရေ ၂၆ ကောင် မွေးမြူရန် မွေးမြူရေးခြံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်လျက်ရှိ သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က  အဆောက်အဦများ တည်ဆောက်ရာတွင် စနစ်ကျသည့် တည်ဆောက်မှုဖြစ်စေရန်၊ နွားမွေးမြူရေးခြံတွင် ပါဝင်ရမည့် လုပ်ငန်းစဉ်များ ပြည့်စုံစွာပါဝင်၍ အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းစွာရရှိစေရန်၊ လုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် မွေးမြူရေးခြံပတ်ဝန်းကျင်ရှိ မြေလွတ်နေရာများတွင် နေဗီယာမြက်များ စနစ်တကျစိုက်ပျိုးသွားရန် တာဝန်ရှိသူများအား မှာကြား သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် စံပြစိုက်ခင်းသို့သွားရောက်၍ ရာသီပေါ်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မြေယာပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေနီကန်ကျေးရွာသို့ သွားရောက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနက ဆောင်ရွက်လျက်ရှိသည့် ကြက်ကောင်ရေ (၁၅၀၀) ဆံ့ စံပြသရုပ်ပြ ဥစားကြက် မွေးမြူရေးခြံ (၁) ခြံနှင့် ပြည်နယ်တွင်း ကြက်ဥဖူလုံစေရေးအတွက် ကြက်ကောင်ရေ (၂၅၀၀) ဆံ့ ဥစားကြက် မွေးမြူရေးခြံ (၂)ခြံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဆောက်လုပ်ရေး လုပ်ငန်းများအချိန်မီ ပြီးစီးရေးနှင့် သတ်မှတ်ကြက်ကောင်ရေ ပြည့်မီစွာ ထည့်သွင်း မွေးမြူနိုင်ရေး စနစ်တကျ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။