အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ဝန်ကြီးချုပ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများနှင့်တွေ့ဆုံ

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ တက်ရောက်မည့် ကယားပြည်နယ် ကိုယ်စားပြု သင်တန်းသား ၊ သင်တန်းသူများက ကယားပြည်နယ်ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော်အနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် တိုင်းရင်းသားများ၏ အရေးကိုအလေးထားပြီး ဆောင်ရွက်ပေးနေကြောင်း ၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသားအားလုံးသည် တစ်ပြေးညီ အကျိုးခံစားခွင့်ရှိကြောင်း ၊ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအားလုံးက အပြန်အလှန် လေးစားယုံကြည်မှုဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်မှသာ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ကြောင်း ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူငယ်များက ပြည်ထောင်စုစိတ်ဓါတ်ဖြင့် နိုင်ငံနှင့်ပြည်နယ်အကျိုးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ပြည်နယ်ကိုယ်စားပြု တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများတွင် တိုင်းရင်းသား ပေါင်းစုံပါဝင်ပြီး ကျောင်းဆင်းပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှပါဝင်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတက်ရောက်မည့် ပြည်နယ်အတွင်းနှင့် ရှမ်း ၊ ကယားနယ်စပ်ရှိ မြို့နယ်အသီးသီးမှ သင်တန်းသား ၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း(၄၀)ဦးအတွက် ခရီးစရိတ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းတက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သင်တန်းသား ၊ သင်တန်းသူများကို သက်ဆိုင်သည့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ အဆင်ပြေစွာ သွားရောက်နိုင်ရေးအတွက် စီစဉ်ပို့ဆောင် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ စာကြည့်တိုက် ၊ ကျောင်းသား ၊ ကျောင်းသူအိပ်ဆောင်များ ၊ စားရိပ်သာဆောင် ၊ မီးဖိုဆောင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။