Skip to main content
x

နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံ အားကစားပေါင်းစုံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် အားကစားရုံ ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိန်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ဟူသည့် ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အားကစားနှင့် ကာယပညာ ဆိုင်ရာ မူဝါဒနှင့်အညီ အားကစားလုပ်ငန်းများ တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အားကစားနည်းအလိုက် စနစ်တကျတတ်သိ နားလည် လေ့ကျင့်လိုက်စား နိုင်စေရန် အခြေခံနှင့်အဆင့်မြင့် အားကစားသင်တန်းများကို ရာသီအလိုက် တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ကယားပြည်နယ် အနေဖြင့်လည်း လူငယ်လူရွယ်များ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုးများရရှိစေရန်၊ နွေရာသီအားလပ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချ၍ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေး အရည်အချင်းမြင့်မားသည့် အားကစားသမားကောင်းများ ဖြစ်လာစေရန် ယခုကဲ့သို့ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့်လည်း သင်တန်းမှရရှိသည့် နည်းစနစ်ကျွမ်းကျင်မှု များကို အခြေခံပြီး အဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက်လေ့ကျင့် ကြိုးစားရင်း နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိန်ဦးနှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပြီး သင်တန်းနည်းပြများအား နည်းပြ ချီးမြှင့်ငွေများပေး အပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိန်ဦး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/သင်တန်းသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ခဲ့ကြောင်းနှင့် ယခုနှစ်နွေရာသီတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ကရာတေးဒို၊ ဖူဆယ်နှင့် မြန်မာ့ရိုးရာသိုင်းအားကစားနည်း သင်တန်းများ သင်ကြားပေးခဲ့ပြီး အဆိုပါသင်တန်းများကို ပြည်နယ်တွင်းရှိ သင်တန်းသား/သင်တန်းသူ    ( ၂၁၄ )ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရှိရသည်။