ကယားပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့အားမြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်နှင့် မြို့ဝင်မြို့ထွက်လမ်းများနှင့်မြို့တွင်းလမ်းများ ပိုမိုကောင်းမွန်လာပြီး အများပြည်သူ သွားလာရေး လွယ်ကူချောမွေ့စေရန်အတွက် လမ်းအဆင့်မြင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့်အတူ လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိကတ္တရာကွန်ကရစ်ဖျော်စက်ရုံလည်ပတ်ဆောင်ရွက်နေမှုနှင့် လွိုင်ကော်မြို့တွင်းလမ်းများအဆင့်မြှင့်တင် ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေး သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကတ္တရာကွန်ကရစ်ဖျော်စက်ရုံကို သွားရောက်ပြီး လုပ်ငန်းအတွက် လိုအပ်သည့်ကုန်ကြမ်းများအား ထုတ်လုပ်သိုလှောင်ထားမှုနှင့် စက်ရုံလုပ်ငန်းလည်ပတ်နေမှု အခြေအနေအားကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နိုင်လွန် ကတ္တရာ ထုတ်လုပ်ပုံလုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးပြည့်မီသည့် ကုန်ကြမ်းပစ္စည်းများ အသုံးပြု၍ ထုတ်လုပ်နိုင် ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစေရေးနှင့် အနံ့အသက်ဆိုးများ မထွက်ရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ် စည်ပင် သာယာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် မင်္ဂလာရပ်ကွက်၊ ယုဇနလမ်း အရှည် ၁၄၇၀ ပေ အကျယ် ၂၄ ပေအား ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဒေါနိုးကူးရပ်ကွက်၊ တောင်ထိပ်ပန်းလမ်း အရှည် ၁၄၄၀ ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရန်နှင့် အရည်အသွေးစစ်ဆေးရေး အဖွဲ့များက လုပ်ငန်းစဉ်အဆင့်ဆင့်အား စဉ်ဆက်မပြတ်စစ်ဆေး ဆောင်ရွက်ရန် တာဝန် ရှိသူများအား မှာကြားခဲ့ကြောင်းသိရှိရသည်။
