အဓိကအကြောင်းအရာသို့ သွားမည်
x

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)ကျင်းပ

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီတွင် လွိုင်ကော်မြို့ရှိ လွှတ်တော်ရုံး လွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူ (၃၄) ဦး တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်က တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးသို့ တက်‌ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၆) ဦး ရှိပြီး တက်ရောက်သူ (၁၀၀) ရာခိုင်နှုန်းရှိသည့်အတွက် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (တတိယနေ့) အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပ ကြောင်းကြေညာခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မှုအခြေအနေ တင်ပြချက်ကို အတည်ပြု မှတ်တမ်းတင်ခဲ့သည်။  
ထို့နောက် ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုးရယ် ဒီးမော့ဆိုမြို့နယ် ကိုယ်စားလှယ်အမှတ် (၁)က မေးခွန်း (၂) ခု၊ ဦးစိုးညွန့် ရှားတောမြို့နယ်ကိုယ်စားလှယ် အမှတ် (၂) က မေးခွန်း (၁) ခု၊ ဦးစောဒီးဒီ ဘောလခဲမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) က မေးခွန်း (၁) ခု၊ ဦးဇော်မင်းဦး မယ်စဲ့မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) က မေးခွန်း (၂) ခု စီမေးမြန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက မေးမြန်ချက်များအပေါ် အသီးသီးပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးမော်ရယ်က အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင် အစားထိုးတာဝန်ပေးအပ်မည့် အဖွဲ့ဝင်၏ အမည်စာရင်းအား ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အတည်ပြုကြောင်း ကြေငြာသည်။
ထို့နောက် ဦးစိုးရယ် ဒီးမော့ဆိုမြို့နယ်ကိုယ်စားလှယ် အမှတ် (၁) က ကယားပြည်နယ် လမ်းများ၊ တံတားများ ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် တင်သွင်းခဲ့ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ လက်ခံဆွေးနွေးရန် အတည်ပြုကြောင်း ကြေငြာခဲ့သည်။
ထို့နောက် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ရပ်နားကြောင်းနှင့် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (စတုတ္ထနေ့) ကို အောက်တိုဘာ ၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။