အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် သာသနိကအဆောက်အအုံများ၊ ဘုရားကျောင်းများ ပြုပြင်မွမ်းမံနိုင်ရေး ဆောင်ရွက်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့ကို မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ အထက (၃)ကျောင်းဝင်းနှင့် မကြာမီ Polytechnic University (Loikaw) အဖြစ် ပြောင်းလဲဖွင့်လှစ်မည့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများ၊ လွိုင်ကော်မြို့ရှိ သာသနိကအဆောက်အအုံများနှင့် ဘုရားကျောင်းများကို သွားရောက်ကြည့်ရှုသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယား (က) ရပ်ကွက်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း သန့်ရှင်းရေးပြုလုပ် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စဉ်ဆက် မပြတ် ဆောင်ရွက်ပေးရန် တာဝန်ရှိသူ များအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် Polytechnic University (Loikaw) အဖြစ် ပြောင်းလဲဖွင့်လှစ်မည့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)သို့ သွားရောက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ကျောင်းပတ်ဝန်းကျင်တွင် ချုံမြက်များရှင်းလင်းခြင်းဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှု အားပေးပြီး ကျောင်းအတွင်း စိမ်းစိုသာယာလှပစေရေး ပန်းအလှပင်များကိုလည်း စိုက်ပျိုးကြရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ 
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းလုံးရပ်ကွက်ရှိ ဓမ္မဗလကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ ဩဝါဒခံယူကာ ကျောင်းပရဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် မဟာဗောဓိစေတီတော်အတွက် ပြည်နယ်အစိုးရအဖွဲ့ကလှူဒါန်းသည့် နဝကမ္မ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ 
ထို့နောက် ပန်ကန်းကျေးရွာရှိ ဓမ္မအလင်္ကာကျောင်းတိုက်သို့ သွားရောက်ပြီး တိပိဋကဓရ စာမေးပွဲတွင် အာဂုံ တစ်ပုံအောင်မြင်တော်မူသည့် ဆရာတော် ဘဒ္ဒန္တ ဓမ္မိကာလင်္ကာရ အား ဖူးမြော် ကြည်ညိုကာ ဆရာတော်အနေဖြင့် ရန်ကုန်မြို့သို့ သွားရောက်၍ ဆက်လက်ဖြေဆိုရမည့် တိပိဋကဓရ ရေးဖြေစာမေးပွဲအတွက် လိုအပ်သည့် ဆွမ်း၊ ကွမ်း ဝေယျာဝစ္စကိစ္စရပ်များ ဆောင်ရွက် ပေးနိုင်ရေး တင်ပြလျှောက်ထားဆောင်ရွက်ခဲ့ပြီး ဆရာတော်ထံသို့ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန်ကန်းကျေးရွာအုပ်စု စိုက်ကွင်း (၃)ကျေးရွာရှိ အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် ဧမာနွေလနှစ်ခြင်း ဘုရားကျောင်းသို့သွားရောက်၍ ပြန်လည်ပြုပြင်ရန် လိုအပ်သည့်အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ ကျေးရွာရှိ ဘာသာဝင်များဝတ်ပြုဆုတောင်းနိုင်ရေး၊ ဘာသာရေးပွဲများနှင့် အခမ်းအနားများ ပြန်လည်ကျင်းပနိုင်ရေးအတွက် အသင်းဗိမာန်တော်နှင့် ဆက်စပ်အဆောက် အအုံများအား ပြုပြင်နိုင်ရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။