အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် လွိုင်လင်လေးမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ လွိုင်ကော်မြို့တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ နိဗ္မာန်ဈေးပွဲတော်၊ တန်ဆောင်တိုင်ပွဲတော် မီးပုံပျံပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲများ စည်ကားသိုက်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်လင်လေးမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်လင်လေးမြို့သို့ရောက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လွိုင်လင်လေးမြို့ အခြေခံပညာ အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောင်းပရဝုဏ်အတွင်း မြေမြှုပ်မိုင်းနှင့် မကွဲဗုံးသီးများ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ချုံနွယ်များအား ထွန်စက်များဖြင့် ရှင်းလင်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကျောင်းဆောင်များ ပြင်ဆင်ရန် လိုအပ်သည့် အခြေအနေ များနှင့် ဆရာ၊ ဆရာမများ တာဝန်ထမ်းဆောင်မှုကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က  ထိခိုက်ပျက်စီးခဲ့ရသည့် ကျောင်းဆောင်များ အမြန်ပြန်လည်ပြင်ဆင်နိုင်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက်ရန်နှင့် ကျောင်းပရဝုဏ်အတွင်း ဆောင်ရွက်ရန် ကျန်ရှိသည့် နေရာများ၌ ရပ်ရွာလူထု၏စုပေါင်းအားဖြင့် ချုံနွယ်များရှင်းလင်းခြင်းလုပ်ငန်းများကို ဝိုင်းဝန်း ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လွိုင်လင်လေးဈေးကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဈေးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်လင်လေးမြို့တွင် ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများ လူမှုစီးပွားဘဝအဆင်ပြေစေရေး၊ ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှုူ အဆင်ပြေစေရေးအတွက် ဈေးပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန်နှင့် ပြန်လည်ရောင်းချလိုသည့် ဈေးဆိုင်ခန်းရှင်များကိုဖိတ်ခေါ်၍ ဖွင့်လှစ်ရောင်းချနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။
လွိုင်ကော်မြို့ ရွှေတောင်ပရိယတ္တိစာသင်တိုက်တွင် (၅၅) ကြိမ်မြောက် စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲကို  ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းဝန်းအတွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့်ဇနီး၊ ပြည်နယ်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် စေတနာရှင်၊ အလှူရှင်ပြည်သူများက ဆရာတော် သံဃာတော်များကို ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများအား စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လောင်းလှူခဲ့ကြသည်။
လှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ အလှူရှင်ပြည်သူများက ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်း (၆၀)ကျောင်းမှ ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း(၈၀၀)ပါး တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်း လှူခဲ့ကြသည်။ 
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်တန်ဆောင်တိုင်ပွဲတော် နိဗ္ဗာန်ဈေး၊ မီးပုံးပျံပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် မီးပုံးပျံပြိုင်ပွဲဝင်အသင်းများ  တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာနအသီးသီးနှင့် စေတနာရှင်ပြည်သူများက မြန်မာ့ရိုးရာ အစားအစာမျိုးစုံကို စတုဒီသာမဏ္ဍပ်များ၌ ကုသိုလ်ပြု ဧည့်ခံကျွေးမွေးကြပြီး လွိုင်ကော်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးမှ ဧည့်ပရိသတ်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ ကြသည်။
ထို့နောက် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတတိယနေ့အဖြစ် လွိုင်ကော်မြို့ ရပ်ကွက် အသီးသီးမှ ပြိုင်ပွဲဝင်ညမီးကြီး ၅ လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခေတ်ပေါ်တေးဂီတများဖြင့်လည်း မြိုင်မြိုင်ဆိုင်ဆိုင်သီဆိုဖျော်ဖြေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပွဲတော်လာ ဧည့်ပရိသတ်များက တခဲနက် ကြည့်ရှုအားပေးခဲ့ကြသည်။ 
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ် တန်ဆောင်တိုင်ပွဲတော်မီးပုံပျံပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဒေါဥခူရပ်ကွက်မှ ဓူဝံမီးအသင်းအားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယဆုရရှိသည့် နမ့်ဘော်ဝမ် (ခ) ရပ်ကွက်မှ ဆောင်းမင်းမီးအသင်းအားလည်းကောင်း၊ ပြည်နယ် တရားသူကြီးချုပ်က တတိယဆုရရှိသည့် မင်္ဂလာရပ်ကွက်မှ တိမ်တိုက်မီးအသင်းအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ 
ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ညမီးကြီးမီးပုံးပျံ ၃၀ လုံးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။