လွိုင်ကော်မြို့တွင် ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် မြို့သန့်ရှင်းသာယာရေးလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့အား ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါဥခူရပ်ကွက်၊ ကမ်းနားလမ်းသို့ ရောက်ရှိပြီး ဘီလူးချောင်းရေ မြင့်တက်လာမှုကြောင့် အမှတ် (၁) လမ်းနှင့် အမှတ် (၂) လမ်းကြားရှိ ဘီလူးချောင်းမြေထိန်းနံရံနှင့် ၎င်းအပေါ်ရှိ မြေသားနိမ့်ဆင်းမှု အရှည်ပေ (၇၀) ခန့် ဖြစ်ပေါ်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ် လမ်းအသုံးပြုပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး လမ်းညွှန်း၊ လမ်းတားများ စနစ်တကျဆောင်ရွက်ထားရှိရန်၊ မြေကျွံနိမ့်ကျမှု ထပ်မံမဖြစ်ပေါ်စေရေး ပျက်စီးမှုများကို အမြန်ဆုံးပြန်လည်ပြင်ဆင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်-ဟိုပုံးလမ်းမကြီး တစ်လျှောက်ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် စက်ယန္တရား များဖြင့် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ လွိုင်ကော်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဒေါနိုးကူးနှင့် နမ့်ကွတ်ရပ်ကွက်များသို့ရောက်ရှိပြီး ဒေါနိုးကူးရပ်ကွက်အနိမ့်ပိုင်းနေရာများတွင် ဝင်ရောက်နေသည့် ရေများ စုပ်ထုတ်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ နမ့်ကွတ်ရပ်ကွက်၊ ရေစီးကွေ့သို့ရောက်ရှိကာ ဘီလူးချောင်းရေမြင့်တက်နေမှုနှင့် ချောင်းကမ်းပါး အနိမ့်ပိုင်းနေရာ များတွင် ရေကျော်ဝင်ရောက်မှုမရှိစေရေး တာပေါင်ကာရံထားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာဌာနများက အချိန်နှင့်တပြေးညီ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အလားတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူကျေးရွာသို့ သွားရောက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ ကျေးရွာအတွင်းလမ်းများ၌ ရေကျော်ဝင်ရောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေများ ကျဆင်းစေရေးနှင့် ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေး လူအင်အား၊ စက်ယန္တရားများဖြင့် အမြန်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။
