Skip to main content
x

လွိုင်ကော်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင် အောင် အရှိန်အဟုန်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ အကြမ်းဖက်သမားများ ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုများနှင့် လွိုင်ကော်မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး RC နှစ်ထပ် အဆောက်အအုံ (၄၄ ပေ x ၇၀ ပေ) အကြီးစားပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လွိုင်ကော် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး (၁) ထပ်ဆောင် (၄၈ ပေ x ၃၆ ပေ)တစ်ထပ် အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းနှင့် လွိုင်ကော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး RC တစ်ထပ် အဆောက်အအုံ အကြီးစား ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အအုံများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းပြီးစီးပါက ရုံးပရိဘောဂများ စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနက ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်တက္ကသိုလ်အနီး ထေးငှားလျားရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း အရှည် ၃၆၈၅ ပေအား မြေသားလမ်းမှ ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းနှင့် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး လမ်းဘေးဝဲယာတွင် အရိပ်ရအပင်များ စနစ်တကျစိုက်ပျိုးရန်နှင့် လမ်းအရည်အသွေး ပြည့်မီစေရေး စနစ်တကျစစ်ဆေးဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီး ဌာနက ဆောင်ရွက်လျက်ရှိသည့် နောင်ယား (ခ) ရပ်ကွက်၊ အမှတ် (၆)လမ်း သီရိဒေါလမ်းနှင့် ဦးနီ လမ်းကြား အရှည် ၂၀၀ မီတာ၊ အကျယ် ၅ ဒသမ ၅ မီတာ ကတ္တရာကွန်ကရစ် AC လမ်းခင်းခြင်း နှင့် ၀ ဒသမ ၉၁ မီတာ အကျယ် ၁၀၀ မီတာ ထု အမာခံလမ်းပုခုံးခင်းကြိတ်ခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေး ပြီး လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ် ကာလအတွင်း ပြီးစီးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရှိရသည်။