Skip to main content
x

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟို)အဆင့်သို့ ကယားပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟို)အဆင့်သို့ ကယားပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေး အပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်မောင်မယ်များ တက်ရောက်ကြသည်။ 
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်ရန်၊ မျိုးဆက်သစ် လူငယ်များအကြား ယဉ်ကျေးမှုအမွေးအနှစ်များအား လက်ဆင့်ကမ်းပေးရန်နှင့် နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကို မြှင့်တင်နိုင်ရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို နိုင်ငံတော်အစိုးရက အလေးထားပြီး ကျင်းပပေးနေခြင်းဖြစ်ပါကြောင်း၊ ဂီတအနုသုခုမ ပညာရပ်များသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်၍ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်များအနေဖြင့် ပြည်နယ် ဂုဏ်ဆောင်နိုင်အောင် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားကြစေလိုကြောင်းစသည်ဖြင့် ပြောကြား သည်။ 
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံကို ပေးအပ်ရာ ပြည်နယ်အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးက လက်ခံရယူ သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်များအတွက် ပြိုင်ပွဲစရိတ်များကို အဖွဲ့အုပ်ချုပ်သူ က လည်းကောင်း၊ ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများနှင့် နည်းပြဆရာများအတွက် ချီးမြှင့်ငွေများကို ကိုယ်စားလှယ်နှစ်ဦးကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။ 
ထို့နောက် ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အဆင့်မြင့်ပညာ(အမျိုးဂုဏ်) တေးသီချင်း၊ အခြေခံပညာ (၁၅-၂၀) အဆင့်(ကာလပေါ်)တေးသီချင်း၊ ကချင်တိုင်းရင်းသားရိုးရာအက၊ ကယားတိုင်းရင်းသားရိုးရာအက၊ အခြေခံပညာ (၁၀-၁၅) အဆင့် ကဗျာလွတ်အက၊ ဝါသနာရှင် (ဒုတိယ)အဆင့် တစ်ပင်တိုင်အကနှင့် ရုပ်သေးအက၊ အခြေခံပညာ (၁၅-၂၀) အဆင့် တယောအတီးနှင့် အိုးစည်အတီး ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။  
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (ဗဟို)အဆင့် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ 
၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဘာသာရပ်အားလုံးတွင် ကယားပြည်နယ်မှ အခြေခံပညာ (၁၀−၁၅) အဆင့်၊ အခြေခံပညာ (၁၅−၂၀) အဆင့်၊ အဆင့်မြင့်ပညာအဆင့်နှင့် ဝါသနာရှင်အဆင့်တို့တွင် ပြိုင်ပွဲဝင်(၁၀၇)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။