အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ၊ တိရစ္ဆာန်အစာစက်ရုံနှင့် မွေးမြူရေးခြံလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ကယားပြည်နယ်မီးသတ်ဦးစီးဌာနက အရန်မီးသတ်တပ်ဖွဲ့ဝင်များ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား အရန်မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။ 
    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မီးဘေး အန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားကျရောက်လာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွဲ၍ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်၊ ပြည်သူထဲမှ ပေါက်ဖွားလာသည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြစ်သည့်အတွက် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေး ခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချသည့် မီးဘေး ကာကွယ်ရေးနည်းစနစ်များ၊ စက်ကိရိယာများ အသုံးပြုနည်းများ၊ ခေတ်မီ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုနည်းသင်ခန်းစာများကို ကြိုးစားသင်ယူပြီး မိမိရပ်ရွာ၊ မိမိဒေသနှင့် ပြည်နယ်၏ အကျိုးကို ထမ်းဆောင်နိုင်သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြား ကြုံတွေ့ရနိုင်သည့် အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပွားလာပါက သင်တန်းသားများအနေဖြင့် ကျရာအခန်းကဏ္ဍမှ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီ ဆောင်ရွက် စေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဝတ်စုံထောက်ပံ့ငွေများအားပေးအပ်ရာ ပြည်နယ် မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လက်ခံရယူခဲ့ပြီး မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။ 
ယခုဖွင့်လှစ်သည့် သင်တန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀)ဦး တက်ရောက်ပြီး ရက်သတ္တလေးပတ်ကြာ စာတွေ့၊ လက်တွေ့သင်ခန်းစာများ သင်ကြားပေးသွား မည် ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါတမရပ်ကွက်ရှိ ကောင်းကောင်း တိရစ္ဆာန်အသင့်ကျွေး ရောစပ်အစာစက်ရုံသို့ သွားရောက်၍ ပြောင်း၊ ဖွဲနု၊ ပဲဖတ်၊ ငါးခြောက်၊ အစာစပ်ဆေးများကို အချိုးကျရောစပ်ပြီး အသင့်ကျွေးရောစပ်အစာထုတ်လုပ်မှု များကို ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း တိရစ္ဆာန်အစာဖူလုံရေးအတွက် ဆောင်ရွက်မှုများကို ကြိုဆိုအားပေးပါကြောင်း၊ အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းသင့်တင့်သည့် အစာများ ထုတ်လုပ်ရောင်းချစေလိုကြောင်း၊ သို့မှသာ ဒေသတွင်း တိရစ္ဆာန်မွေးမြူရေးတိုးတက် စေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း မှာကြားသည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန်ကန်းကျေးရွာရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ(ကယားပြည်နယ်)ဖြင့် ဆောင်ရွက်သည့် ဦးရဲသွင်၏ အသားတိုး ကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနညွှန်ကြားရေးမှူး ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်တွင်း စားရေရိက္ခာဖူလုံရုံ သာမက ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချနိုင်ရေး မျှော်မှန်းဆောင်ရွက်ရန်၊ မွေးမြူရေးခြံများအား သန့်ရှင်းစွာ ထားရှိရန် မှာကြားခဲ့ကြောင်း သိရှိရသည်။