Skip to main content
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်ပြည်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်သည် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့်လိုက်ပါလျက် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  အခြေခံပညာ အထက်တန်းကျောင်း(ချိကယ်)နှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း (ချိကယ်) တို့ရှိ စာသင်ဆောင်များ ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေများနှင့် လွိုင်ကော်မြို့၊ သမိုင်းဝင်မြို့နာမ်ရွှေစေတီတော်ပရိဝုဏ်အတွင်း သန့်ရှင်းသာယာရေးတို့အတွက် ကြည့်ရှုစစ်ဆေး ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်းကျောင်း (ချိကယ်)သို့သွားရောက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ၁၄၀ ပေ၊ ၃၀ ပေ RCC နှစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေနှင့် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်ပြီးစီးသည့် တစ်ထပ်ကျောင်းဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းအား အရည်အသွေး ပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ အကြမ်းဖက်လုပ်ရပ်များကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(ချိကယ်) စာသင်ဆောင်များပြန်လည်ပြုပြင်နေမှုအခြေအနေနှင့် ဆက်လက် ပြုပြင်ရမည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးက ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားမှုအခြေအနေ၊ စာသင်ခုံနှင့် ပရိဘောဂများ ဖြည့်ဆည်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြုပြင်ရန် ကျန်ရှိသည့် စာသင်ဆောင်များ အမြန်ပြုပြင်နိုင်ရေးအတွက်  လိုအပ်သည်များမှာကြားပြီး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့နာမ်ရွှေစေတီသို့ သွားရောက်ပြီး စေတီတော်ဂန္ဓကုဋီတိုက်၊ ဗုဒ္ဓမြတ်စွယ်တော်တိုက်နှင့် စေတီတော်ပရဝုဏ်အတွင်းသို့ လှည့်လည် ကြည့်ရှုစစ်ဆေးပြီး မြို့နာမ်ရွှေစေတီတော်သည် လွိုင်ကော်မြို့ကျက်သရေဆောင်ဖြစ်၍ ဘုရားဖူးလာ ပြည်သူများ စိတ်အေးချမ်းသာစွာ ဝတ်ပြုနိုင်ရေးအတွက် စေတီတော်ပရဝုဏ် အတွင်း၊ အပြင်အား အစဉ်အမြဲ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ ကြောင်း သိရသည်။
ကယားပြည်နယ် ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်များ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းက ကယား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။ 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်များ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိခိုက် ပျက်စီးခဲ့သည့် ဌာနဆိုင်ရာ ရုံး/အဆောက်အဦများ၊ ပြည်သူများ၏ နေအိမ်များ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများအား အမြန်ဆုံး အပြီးသတ်ဆောင်ရွက်ရန်၊ ပြည်သူများအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး ဦးစားပေးဆောင်ရွက်ရန်၊ ပြည်သူများစားရေရိက္ခာရရှိရေးနှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေးစီမံဆောင်ရွက်ရန် နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းများအား ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်း အနီးကပ်ကြီးကြပ် ဆောင်ရွက်ကြရန် စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက  မိမိတို့သက်ဆိုင်ရာကော်မတီများအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဆောင်ရွက် ဆဲနှင့် ဆောင်ရွက်ရန်ကျန် အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြရာ ဒေသကွပ်ကဲရေးမှူးနှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။