Skip to main content
x

ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပ ခြင်းနှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ ဆေးကုသမှုခံယူနေသော လူနာများအား ကြည့်ရှုအားပေး

ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်ပြည်သူ့ ဆေးရုံအုပ်ကြီး ၊  ပြည်နယ်ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ၊ ရောဂါဖြစ်ပွားမှုနှင့် ကြုံတွေ့လာပါက ဆောင်ရွက်ပေးရမည့် နည်းလမ်းများ ၊ ရောဂါကုသရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ထိုးနှံနိုင်ရေး အတွက်အလေး အနက်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသံလွင်အောင် က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ၊ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် နေမှုများကို လည်းကောင်း ၊ လွိုင်ကော်ပြည်သူ့ဆေးရုံ ၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင် က ပြည်နယ်အတွင်းရှိ မြို့နယ် / တိုက်နယ်ဆေးရုံ များ၏ အခြေအနေ နှင့် ကုသရေး ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ ၊ ထပ်မံပေါင်းစပ် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့ ၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီးက  လက်ခံရယူခဲ့ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးရုံအတွင်းရှိ ဆေးကုသဆောင် ၊ ကလေးလူနာဆောင် ၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုလူနာဆောင် နှင့် ခွဲစိတ်ကုသဆောင် များသို့ သွားရောက်၍ ဆေးကုသလျက်ရှိသော လူနာများအား ကြည့်ရှုအားပေးစကား ပြောကြားပြီး အာဟာရဖြည့် အစားအသောက်များ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် ဆေးရုံ၏ ဥပဓိရုပ် ကောင်းမွန်စေရေး နှင့် သာယာလှပရေး ဆောင်ရွက်ထားမှု ၊ ဆေးရုံဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက် ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။