Skip to main content
x

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဘောလခဲခရိုင်၊ မြို့နယ်နှင့်ရပ်/ကျေးစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးခင်မောင်ဦးသည် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၀၉၀၀) နာရီအချိန်တွင် ဘောလခဲမြို့၊ စောလဖော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဘောလခဲခရိုင်၊ မြို့နယ်နှင့် ရပ်/ ကျေး စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌက ပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသော ပြည်သူများ အလုပ်အကိုင် ရရှိစေရေးအတွက် ပြည်သူများ လက်ဝယ်ရှိ သေချာသည့် ကုန်ထုတ်လုပ်ငန်း ဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ကုန်ထုတ် လုပ်ငန်းများအား သမားရိုးကျ မိရိုးဖလာ နည်းလမ်းများအစား ခေတ်မီ နည်းပညာများကို အသုံးပြု ဆောင်ရွက်တတ်စေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်၍ နည်းပညာများ ပံ့ပိုး ကူညီပေးရန်နှင့် အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူလယ်သမားများနှင့် မွေးမြူရေး လုပ်ငန်းရှင်များအား အတင်းအကျပ် ဖိအားပေး ဆောင်ရွက်စေသည့် သဘောမျိုး မသက်ရောက်စေဘဲ ၎င်းတို့ဆန္ဒအလျောက် လိုလားစွာ လိုက်ပါဆောင်ရွက်သည့် အခြေအနေမျိုး ဖြစ်အောင် ပညာပေး ဆောင်ရွက်စေရန်၊ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ ကျောင်းသူများ အင်အားအပြည့် ကျောင်းပြန်လည် တက်ရောက် ပညာသင်ယူနိုင်ရေးနှင့် ဆရာ/ ဆရာမများကလည်း အင်တိုက် အားတိုက်ဖြင့် သင်ကြား ပေးနိုင်ရေး အတွက် ကြီးကြပ် ဆောင်ရွက် ပေးသွားရန်၊ ကျန်းမာရေး ကဏ္ဍနှင့် ပတ်သက်၍ COVID-19 ရောဂါစစ်ဆေးမှု လုပ်ငန်းများကို တိုးမြှင့် စစ်ဆေး ကုသပေးနိုင်ရေး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသွားရန်၊ ဘောလခဲခရိုင် အတွင်းရှိ ပြည်သူလူထု၏ အခက်အခဲများအား  ပွင့်လင်းစွာ တင်ပြကြရန်နှင့် ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး စီမံအုပ်ချုပ်ရေး အဖွဲ့များ အနေဖြင့်လည်း မိမိတို့ဒေသ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဦးစားပေးဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသ လိုအပ်ချက်များကို ဆွေးနွေး တင်ပြခြင်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနက ဒေသနှင့် သက်ဆိုင်သော စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး တင်ပြခြင်း၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက မိမိတို့ ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသ လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌက မြို့နယ်အလိုက် လိုအပ်ချက်များ အပေါ်တွင် ဆောင်ရွက်ပေးရမည့် အချက်များကို  လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌက မယ်စဲ့မြို့နယ် သီရိမင်္ဂလာ ရတနာသုခ မြို့မဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ ပြန်လည်ပြုပြင်ရန် အတွက် အလှူငွေကျပ်(၂၅)သိန်း၊ ဘောလခဲမြို့ (၂၅)ကုတင်ဆံ့ တပ်မတော်ဆေးရုံတွင် ဆေးကုသနေသော ပြည်သူများ၏ ဆေးကုသစရိတ် အတွက် ထောက်ပံ့လှူဒါန်းငွေ ကျပ် (၂၆)သိန်းကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။