အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း သီတင်းပတ်(ဒုတိယမြောက်)နေ့တွင် ကျောင်းအပ်လက်ခံနေမှုများအား ကြည့်ရှုအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ နိုင်ငံတစ်ဝန်းတွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်၍ ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်း သီတင်းပတ် အစီအစဉ်ကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်လက်ခံခြင်း သီတင်းပတ် (ဒုတိယမြောက်)နေ့၌ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်နှံမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လွိုင်ကော်မြို့နယ် အတွင်းရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း ခွဲ(လောဓမ္မ)ကျောင်းများသို့ သွားရောက်၍ မိဘအုပ်ထိန်းသူများက ကျောင်းသား ၊ ကျောင်းသူ များအား ကျောင်းအပ်နှံနေမှုများ ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြား နေမှုများနှင့် ကျောင်းအဆောက်အဦသစ်များတိုးချဲ့ ဆောက်လုပ်နေမှုများကို ကြည့်ရှုအားပေး စစ်ဆေးခဲ့ကြပြီး စာသင်ခန်းများတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့ကာ ကျောင်းလာ ရောက်အပ်နှံလျက်ရှိသော ကျောင်းသား မိဘအုပ်ထိန်းသူများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနသည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ကာ KG+12 သင်ရိုးသစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချကာ အခြေခံပညာရေးကို အခမဲ့ ပညာသင်ကြားနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ၊ စာသင်ခန်းများအတွင်း၌ စာသင်ခုံနှင့် သင်ထောက်ကူပစ္စည်းများ စနစ်တကျ ရှိစေရေးတို့ဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း သိရှိရသည်။