လွိုင်ကော်မြို့တွင် ပြည်နယ်လုံးဆိုင်ရာ သီတင်းကျွတ်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ ဒေသဖွံ့ဖြိုးရေးဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများအရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်
ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်လုံးဆိုင်ရာ သီတင်းကျွတ်မီးထွန်း ပွဲတော်ကို အောက်တိုဘာလ ၂၆ ရက် ညနေပိုင်းက လွိုင်ကော်မြို့ကျက်သရေဆောင် မြို့နာမ် ရွှေစေတီတော်ကြီးနှင့် ကန္ဒာဟေဝန်ပန်းခြံကျောက်သားရင်ပြင်တို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စေတီတော် ဂန္ဓကုဋီတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များထံ ဆီမီးများကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စေတီတော် အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များထံ ဆီမီးများကပ်လှူပူဇော်ကြပြီး ဧည့်ပရိတ်သတ် များက သတ်မှတ်နေရာ အသီးသီး၌ ဆီမီးများ တစ်ပြိုင်နက် ကပ်လှူပူဇော်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပွဲတော်တွင်ပါဝင်ဆင်နွှဲကြသည့် ပြည်သူများအား ကုသိုလ်ပြုစတုဒီသာကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှု သဒ္ဒါပွားများ၍ ပြည်သူများနှင့်အတူ မြတ်စွာဘုရားရှင်ထံ မီးပုံပျံများလွှတ်တင်ပူဇော်ပြီး အတီးအမှုတ်အဖွဲ့ များအား ဂုဏ်ပြုဆုများပေးအပ်သည်။
ဆက်လက်၍ သီတင်းကျွတ်လပြည့်နေ့ စိန်နားပန် မီးပုံပျံပြိုင်ပွဲကို ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသနေပြည်သူများ တခဲနက်တက်ရောက်ကြည့်ရှုအားပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က စိန်နားပန် မီးပုံပျံပြိုင်ပွဲ ပထမဆုရ သစ္စာမီး၊ ဒုတိယဆုရ တိမ်လိပ်မီးနှင့် တတိယ ဆုရ ဓနုမီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အထူးဆုရရှိသူများ၊ ရွှေဇီးကွက်ညမီးကြီးနှင့် ကယားလေး ညမီးကြီးအဖွဲ့တို့အား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက် ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ယနေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဆောင်ရွက်သည့် ဥစားကြက်မွေးမြူရေးခြံများ တည်ဆောက် ပြီးစီးမှုနှင့် ဥစားကြက်မွေးမြူရေး ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ စနစ်တကျ အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်တန်းသာသနာပြု ဗဟိုတပ်ဦး ကျောင်းသို့ သွားရောက်ပြီး ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်နှင့် တကွ လှူဖွယ်ဝတ္တုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆင့်မြင့်သီရိ မင်္ဂလာဈေးသို့ သွားရောက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် ၂၂၅ ပေ x ၃၀ပေ Steel Structure နှစ်ထပ် ဈေးရုံများ အသစ်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ဈေးသစ်(တတိယ)ပိုင်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ် ကာလပြီးစီးအောင် ဆောင်ရွက်သွားရန်၊ အရည်အသွေး စစ်ဆေးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်နှင့် ပြည်သူလူထုများ အဆင်ပြေချောမွေ့စွာ ရောင်းဝယ်နိုင်ရေး လိုအပ်သည့် လုပ်ငန်းများ ပြည့်စုံအောင်ထည့်သွင်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားပြီး ဈေးရုံများအတွင်း ရောင်းဝယ်ဖောက်ကားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ဈေးသူ ဈေးသားများနှင့် ဈေးဝယ်ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။
