အဓိကအကြောင်းအရာသို့ သွားမည်
x

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သက်ကြီး ဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို သက်ကြီးရွယ်အိုများသည် လူ့အဖွဲ့အစည်း အပေါ်အကျိုးပြုမှုများကို ကျေးဇူးပြုသည့်အနေနှင့်သာမက လက်ရှိလူမှုအဖွဲ့အစည်း အတွက် သက်ကြီး ရွယ်အိုများသည် အကျိုးရှိနေဆဲ၊ အသုံးဝင်နေဆဲ ဖြစ်သည်ကို အသိအမှတ်ပြု ဂုဏ်ပြုသည့် အနေဖြင့် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ၊ ပြည်နယ်တွင်လည်း ပြည်နယ်အဆင့် ၊ ခရိုင်အဆင့် သက်ကြီး ရွယ်အိုများဆိုင်ရာ ကော်မတီများ ဖွဲ့စည်းထားရှိပြီး  လုပ်ငန်းများ အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိကြောင်း ၊ သက်ကြီးရွယ်အို အားလုံး၏ အခွင့်အရေး လုံခြုံသည့် ပတ်ဝန်းကျင်တွင် နေထိုင် နိုင်ရေး၊ ဥပဒေနှင့် အညီအပြည့်အဝ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေး တို့အတွက် ဌာနဆိုင်ရာများနှင့် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကယားပြည်နယ်အတွင်းရှိ အသက်အကြီးဆုံး ဘိုးဘွား (၂)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေနှင့် ဂုဏ်ပြုဂါရဝ လက်ဆောင်ပစ္စည်းများအား လည်းကောင်း ၊ ဒေသကွပ်ကဲရေးမှူးနှင့် ဇနီး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာ များက လူမှုရေးပင်စင်ခံစားနေသည့် ဘိုးဘွား(၃၀)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေနှင့် ဂုဏ်ပြု ဂါရဝလက်ဆောင်ပစ္စည်းများအားလည်းကောင်း  အသီးသီးလက်ရောက် ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဘိုးဘွားများကိုယ်စား သက်ကြီးဘိုးဘွားတစ်ဦးက ဆုတောင်းမေတ္တာစကား ပြောကြားခဲ့ ကြောင်းသိရသည်။