အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ ကျောင်းအုပ်ကြီး ၊ သင်တန်းနည်းပြနှင့်ဆရာ ၊ ဆရာမများ ၊ သင်တန်းသား ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှု့စီးပွားဘဝ ၊ ပညာရေး ၊ ကျန်းမာရေး အဆင့်အတန်းများ မြင့်မားလာစေရေးအတွက် ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သော လူငယ်များကို ပြုစုပျိုးထောင်လေ့ကျင့်ပေးနိုင်ရေးအတွက် အားကစား ကဏ္ဍကို ဘက်ပေါင်းစုံမှစီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ လူငယ်မောင်မယ်များအနေဖြင့် သတ်မှတ် ထားသည့် သင်တန်းစည်းကမ်းများနှင့် အားကစားလေ့ကျင့်ရေးကို တိတိကျကျ လိုက်နာကြရန်နှင့် ပညာသင်ကြားရေးကိုလည်း အာရုံစူးစိုက်ပြီး ဟန်ချက်ညီညီ တိုးတက်မှု ရရှိစေရေးအတွက် အစွမ်းကုန် ကြိုးစားကြစေလိုကြောင်း ၊ ပြည်နယ်ဂုဏ်ဆောင် မျိုးဆက်သစ်အားကစား သူရဲကောင်းများ ပေါ်ထွက်လာစေရန် ရည်မှန်းချက်ထား အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား ၊ သင်တန်းသူများအတွက် အလှူငွေများနှင့် ဆန် ၊ ဆီများ ထောက်ပံ့လှူဒါန်းရာ ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာက လည်းကောင်း ၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သောအားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ကျောင်းအကျိုးတော်ဆောင်အဖွဲ့၏ ဂုဏ်ပြုချီးမြှင့်ငွေကို ပေးအပ်ရာ အားကစားသမား ကိုယ်စားလှယ်တစ်ဦးကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြပြီး ၊ ကျောင်းအကျိုး တော်ဆောင်အဖွဲ့ဝင်များက အလှူငွေ‌များလှူဒါန်းရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ဦးမြင့်ကြည်က လက်ခံရယူခဲ့သည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းအကျိုးတော်ဆောင်များ ၊ ဆရာ ၊ ဆရာမများ ၊ သင်တန်းသား ၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ပြီး ခင်းကျင်းပြသထားသော အားကစားလှုပ်ရှားမှုဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ ၊ အားကစားနည်းများအလိုက် အသုံးပြုသော ပစ္စည်းများကို ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်းရှိ သင်တန်းသား ၊ သင်တန်းသူများ၏ စာကြည့်တိုက်နှင့် အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုပြီး စာကြည့်တိုက်တွင် သုတ ၊ ရသ ၊ စာအုပ်စာစောင်များ ဝယ်ယူရန် အလှူငွေပေးအပ်ခဲ့သည်။

အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)၌ ဖွင့်လှစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းတွင် သင်တန်းသား (၆၄) ဦး ၊ သင်တန်းသူ (၃၂) ဦး ၊ စုစုပေါင်း (၉၆ )ဦးကို ရွေးချယ်ထားပြီး ပြေးခုန်ပစ် ၊ ဘောလုံး ၊ ဂျူဒို ၊ ကရာတေး ၊ တိုက်ကွမ်ဒို စသည့်အားကစားနည်း (၅)နည်းကို သင်ကြားပေးသွားမည်ဖြစ်ကာ တက်ရောက်လိုသည့် သင်တန်းသား ၊ သင်တန်းသူများကိုလည်း ထပ်မံရွေးချယ်လျက်ရှိပြီး  စဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။