အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိအခြေခံပညာသင်ကြားရေး ဆရာ ၊ ဆရာမများအား ကျောင်းဝတ်စုံနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ အခြေခံပညာသင်ကြားရေး ဆရာ ၊ ဆရာမများအား ကျောင်းဝတ်စုံနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ နှင့် ဆရာ ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က တက္ကသိုလ်များနှင့် အခြေခံပညာကျောင်း      များကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ယာယီပိတ်ထားခဲ့ရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ စတင်ကာ ကိုဗစ်စည်းကမ်းများနှင့်အညီ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ခဲ့ ကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်၏ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် ဆရာ ၊ ဆရာမများ အနေဖြင့် လည်းတာဝန်သိသိ သစ္စာရှိရှိဖြင့် တာဝန်ထမ်းဆောင်နေမှုကို အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း ၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အခြေခံပညာကျောင်း အသီးသီး၌ သန့်ရှင်းသာယာ ပြီးသင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများ ဖြစ်စေရေးအတွက် အထူးလိုအပ်နေသော သန့်ရှင်းရေး လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ ၊ ပညာရေးဝန်ထမ်းများ ၊ လူမှုရေး အသင်းအဖွဲ့များ နှင့် ကျောင်းအကျိုး တော်ဆောင်များပူးပေါင်းပြီး အပတ်စဉ် ဆောင်ရွက်ပေးနေကြောင်း ၊ ကျောင်းဥပဓိရုပ်နှင့် စာသင်ခန်းများ ကောင်းမွန်စေရေးအတွက် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ၊ ရေသန့်စက် တပ်ဆင်ပေးခြင်းလုပ်ငန်း များကိုလည်း ဆောင်ရွက်ပေးနေကြောင်း ၊ သင်ကြားရေး လုပ်ငန်းများကို မထိခိုက်စေဘဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စီမံချက်ကာလအတွင်း ဆရာ ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးထိုးနှံ ရမည်ဖြစ်ကြောင်း ၊ အမျိုးသား ပညာရည် မြင့်မားရေးနှင့် အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ၊ အေးချမ်းစွာ ပညာသင်ကြားရေး အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး ဌာနဆိုင်ရာများ ၊  ပညာရေး ဝန်ထမ်းများအားလုံး ကျောင်းသားမိဘများ ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် သွားရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဆရာ ၊ ဆရာမများအား ကျောင်းဝတ်စုံများနှင့် ထောက်ပံ့ငွေများ ကိုလည်းကောင်း ၊ သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးက ကျောင်းဝတ်စုံများကို လည်းကောင်း ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ဆရာ ၊ ဆရာမများက လက်ခံရယူခဲ့သည်။
ယင်းနောက် ကယားပြည်နယ် ပညာရေးမှူးရုံး ၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ဆရာ ၊ ဆရာမ များကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ ၊ ဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့သည်။