အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ယူနေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး

ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ယူနေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ၊ ကျောင်းသူများက ၂၀၂၂ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “တစ်ခုတည်းသောကမ္ဘာမြေ” အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုနေမှုများ ၊ ပညာ့ရတနာခန်းမတွင် အသက်(၅)နှစ် မှ (၁၂)နှစ်အထိ ကျောင်းသား ၊ ကျောင်းသူများအား ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်၍ ကျောင်းသား မိဘများ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးနေမှုများ ၊ စာသင်ခန်းများတွင် ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းလာရောက် အပ်နှံလျက်ရှိသော ကျောင်းသား မိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့သည်။
ကယားပြည်နယ်အတွင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၂ ရက်နေ့မှစတင်ကာ ကယားပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ရှားတော ၊ ဒီးမော့ဆို၊ ဖရူဆို ၊ ဘောလခဲ၊ ဖားဆောင်း ၊ မယ်စဲ့ မြို့နယ်အသီးသီးတွင်  အခြေခံပညာကျောင်း များကိုဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။