အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ်၌ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲ အခမ်းအနား သို့တက်ရောက်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ် ၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်၏ ဂုဏ်ဆောင် လွိုင်ကော်တက္ကသိုလ်တွင် ဝိဇ္ဇာသိပ္ပံအထူးပြု ဘာသာရပ် ဌာန (၁၃)ဌာနရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ စီးပွားရေးပညာဌာနကို တိုးချဲ့ဖွင့်လှစ်နိုင်သည့်အပြင် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သည့် ဘွဲ့ရအသုံးချဘာသာရပ် (Bachelor of Tourism Studies) သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေးကိုလည်း ပညာရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးကြပ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ၊ ရပ်ရွာအခြေပြု ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း ၊ နိုင်ငံတိုင်း အမျိုးသား အကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကကျသော အခန်းကဏ္ဍဖြစ်ကြောင်း ၊ ပညာသင်ကြားမှုသည် ကျောင်းသား ၊ ကျောင်းသူတိုင်း၏ အနာဂတ် ဖြစ်သကဲ့သို့ နိုင်ငံတော်၏ အနာဂတ်လည်းဖြစ်ကြောင်း ၊ အနာဂတ်မျိုးဆက်သစ်များကို မွေးထုတ်ပေးမည့် ဆရာ ၊ ဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း ၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်း မည်ဖြစ်ပြီး ဆရာ၊ ဆရာမများအနေဖြင့် မိမိသင်ကြားပေးရမည့် ကျောင်းသား ၊ ကျောင်းသူများသည် အနာဂတ်တွင် နိုင်ငံတော်မှ အားထားရမည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာ စေရန် ဦးတည်ချက် ထားသင်ကြားသွားပေးရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းပြည်ချစ်စိတ် ၊ မျိုးချစ်စိတ်အပြည့်နှင့် အားလုံးလက်တွဲ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာ စကားမြွက်ကြားခဲ့သည်။ 
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လွိုင်ကော် တက္ကသိုလ်သို့ ထောက်ပံ့ငွေ(၁၅)သိန်းနှင့် ကိုဗစ်ကာကွယ်ရေးသုံးဆိုင်ရာ ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းများကိုလည်းကောင်း ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ဗိုလ်ချုပ် နီလင်းအောင်က ထောက်ပံ့ငွေ (၅)သိန်းကျပ်နှင့် လက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ လွိုင်ကော်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်က လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး လွိုင်ကော်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ် က ကျေးဇူးတင်နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားခဲ့ပြီး သိပ္ပံဘာသာရပ်များကိုယ်စား သင်္ချာဌာန ၊ ပါမောက္ခ(ဌာနမှူး)နှင့် ဝိဇ္ဇာ    ဘာသာရပ်များ ကိုယ်စားဥပဒေပညာဌာန ၊  ပါမောက္ခ(ဌာနမှူး) တို့က မောင်မယ်သစ်လွင်များအား  ပညာရပ် အသီးသီးတွင်သင်ကြားပေးမည့်  ဘာသာရပ်များ ၊ လက်တွေ့အသုံးချနိုင်သည့် နယ်ပယ်များ အကြောင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆရာ ၊ ဆရာမ သစ်လွင်များနှင့်မောင်မယ် သစ်လွင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားပြီး စာသင်ခန်းများတွင် ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် စာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်းသိရ သည်။