Skip to main content
x

လွိုင်ကော်မြို့တွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ကယားပြည်နယ်အတွင်း ပြည်သူများ ကျန်းမာရေးအသိပညာများ ပြည့်ဝစေရေး အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းကအားကစားနှင့် ကာယပညာ သိပ္ပံ (လွိုင်ကော်) ခန်းမ၌ ကျင်းပပြုလုပ်သည့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲသို့  ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဘောက်နန်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများတွင် ဖြစ်ပွားမှုများ သည့် ရောဂါတစ်မျိုးဖြစ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်၍ ကြိုတင်သိရှိ ကာကွယ်နိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ကယားပြည်နယ်တွင် သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်းကို လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး သားဖွားမီးယပ်ဌာနတွင် အပတ်စဉ်သောကြာနေ့တိုင်း စစ်ဆေးပေးလျက် ရှိပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံရှိ ကျောင်းသူများအနေဖြင့် မိမိတို့ကျန်းမာရေးကို သတိရှိစွာ စောင့်ရှောက်ရင်း ကျန်းမာသန်စွမ်းပြီး ထူးချွန် ထက်မြက်သည့် အားကစားမျိုးဆက်သစ်များအဖြစ် ပြည်နယ်နှင့်နိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ကြပါစေကြောင်း စသဖြင့် ပြောကြားသည်။    
ထို့နောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကက အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) ရှိ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်ဌာန အထူးကုဆရာဝန် ကြီးက သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပြီး အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရှိရသည်။