Skip to main content
x

လွိုင်ကော်မြို့၌ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော် ၊ သံဃာတော်များနှင့် ပြည်နယ်အစိုးရအဖွဲ့မှ အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ(သုံးကြိမ်)ရွတ်ဆို ဘုရားကန်တော့၍ မဟာမင်္ဂလာအခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်ဘုရားများထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။
ထို့နောက် ဆရာတော်  ၊ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက သာသာနာရေးဆိုင်ရာများ လျှောက်ထားတော်မူခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆရာတော်  ၊ သံဃာတော်အရှင်သူမြတ်တို့အား မဟာဘုံကထိန် ကထိန်လျာသင်္ကန်းနှင့် ကထိန်အရံသင်္ကန်းများဆက်ကပ်လှူဒါန်းပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားနာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓဿသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မဟာမင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ ၊ ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊  ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ပြည်နယ်အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်အဆင့်မှ ဆရာတော်များ ၊ ပရိယတိ္တစာသင်တိုက်များ ၊ တောင်တန်းသာသနာပြုကျောင်းများနှင့် အကြည်ညိုခံကျောင်းများ စုစုပေါင်း (၁၁၂)ကျောင်းတို့အား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ဘာသာရေးအသင်းအဖွဲ့များ ၊ လွိုင်ကော်မြို့နယ်ရှိ ရပ်ကွက်များစသည့် အလှူရှင်ပေါင်းတို့မှ တတ်စွမ်းသမျှလှူဒါန်းသည့် ငွေပဒေသာပင်အလှူတော်များကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းငွေစုစုပေါင်းမှာ ကျပ်သိန်း (၃၁,၇၄၅,၈၀၀) ဖြစ်ကြောင်းသိရသည်။