လွိုင်ကော်မြို့ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး ၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးရေးအတွက် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းဝင်း၌ ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့ ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်း နည်းပြများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ပြည်သူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်း သန့်ရှင်းရေး ပြုလုပ်နေမှုများ ၊ သစ်ပင်ခြုံနွယ်ခုတ်ထွင်ရှင်းလင်းနေမှုများ ၊ ကျောင်းဥပဓိ ရုပ်ကောင်းမွန်စေရေးအတွက် ပြုပြင်ရန် လိုအပ်သည့်နေရာများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက သူနာပြုနှင့်သားဖွားသင်တန်း ကျောင်းရှိ ဆရာ ၊ ဆရာမများနှင့်ကျောင်းသား ၊ ကျောင်းသူများ စားရိပ်သာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင် မြို့များသန့်ရှင်း သာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ပြည်သူများ ပါဝင်သော အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများစဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။