Skip to main content
x

ကယားပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ကျောင်းအဆောက်အဦ ပြင်ဆင်ရေးနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ လွိုင်ကော်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ၌ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့များ ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ များမှဝန်ထမ်းများ ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ ကျောင်းအဆောက်အဦ ပြင်ဆင်ရေး လုပ်ငန်းများ နှင့်စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်း၌ ပြုလုပ်ခဲ့ ကြသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(လွိုင်ကော်) ၊ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ ၊ ကျောင်းအဆောက်အဦ ဥပဓိရုပ် ကောင်းမွန်စေရေး ပြုပြင်နေမှုများနှင့် စာသင်ခန်းများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများအားလုံးတွင် မေလ ၂၆ ရက်နေ့မှ စတင်ကျောင်းအပ်နှံနိုင်ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်၍ ဆရာ ၊ ဆရာမများ နှင့်ကျောင်းသား ၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး  ၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်စေရေး ၊ စာသင်ခန်းများနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိနိုင်ရေး တို့အတွက် ဆရာ၊ ဆရာမများက သက်ဆိုင်သည့် ဌာနများ ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန် ၊ ဆရာ၊ ဆရာမများက သင်ကြားရေးနှင့်သက်ဆိုင်သော ပညာရပ်များကိုလည်း ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာထားကြရန် နှင့် စာသင်ခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ကြရန်မှာကြားခဲ့သည်။
အလားတူ ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မေလ ၁၇ ရက်နေ့ကလည်း လွိုင်ကော်မြို့ ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။