အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ ဖွင့်လှစ်လျက်ရှိသည့် နွေရာသီအခြေခံအားကစားသင်တန်းများသို့ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦး နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီက ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)တို့၌ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၁ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)၌ ဖွင့်လှစ်လျက်ရှိသည့် ပြေးခုန်ပစ် ၊ တိုက်ကွမ်ဒို ၊ ဘော်လီဘော နှင့် ဘောလုံး စသည့်အားကစားနည်းများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအား အာဟာရဖြည့်စွက်စာ ဂလူးကို့စ်များ  ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၊ ကျောင်းအုပ်ချုပ်မှုရုံးခန်း၌ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများအား တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ ငွေကျပ်သိန်း(၅၀) ထည့်ဝင်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်နယ် အားကစားရုံတွင် လက်ဝှေ့ ၊ မြန်မာ့သိုင်း ၊ ကြက်တောင် ၊ စားပွဲတင်တင်းနစ် ၊ ဘတ်စကက်ဘော နှင့် ကရားတေးဒိုစသည့် အားကစားနည်းများအား  လေ့ကျင့်သင်ယူနေသော အားကစားသမားများကို ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာ ဂလူးကို့စ်များပေးအပ်ခဲ့သည်။
အဆိုပါ နွေရာသီအားကစားသင်တန်းကို ၂၀၂၁ခုနှစ် မေလ ၁ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး အားကစားနည်း (၁၁)နည်းကို သင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။