Skip to main content
x

လွိုင်ကော်မြို့ ၊ မြို့နာမ်စေတီတော် ဘက်စုံပြုပြင်မွမ်းမံခြင်း ၊ ကုန်သည်ကြီးစေတီတော် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ

ကယားပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်မတည်၍ ပြည်သူအများစုပေါင်းလှူဒါန်းမှုဖြင့် မြို့နာမ်စေတီတော် ဘက်စုံပြုပြင်မွမ်းမံခြင်း ၊ ကုန်သည်ကြီးစေတီတော် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း နှင့်ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်းတို့အတွက် ရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ ၊ မြို့နာမ်စေတီတော် ပရဝဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များက မြို့နာမ်စေတီတော်ပရဝဏ်အတွင်းရှိ မြို့နာမ် စေတီတော် ၊ ကုန်သည်ကြီးစေတီတော်နှင့် စော်ဘွားကြီးစေတီတော်ြမတ်တို့ရှိ စေတီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခဲ့ကြသည်။
ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် ၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ စေတနာအလှူရှင် ပြည်သူများက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်သံဃနာယအဖွဲ့ ဥက္ကဋ္ဌ ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညာစက္က (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့မတည်လှူဒါန်းငွေများကိုလည်းကောင်း ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်က ကယားပြည်နယ်အတွင်းရှိ တပ်မတော်သားမိသားစုများ လှူဒါန်းငွေများကိုလည်းကောင်း ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဌာနဆိုင်ရာ ဝန်ထမ်းများ၏စုပေါင်း လှူဒါန်းငွေများကိုလည်းကောင်း ၊ အလှူရှင်တစ်ဦးက စေတနာအလှူရှင်များ၏ လှူဒါန်းငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြရာ  မြို့နာမ်စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးရီပေါက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်သံဃနာယအဖွဲ့ ဥက္ကဋ္ဌ ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညာစက္က(မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ယနေ့အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက စုပေါင်း၍ ကုန်သည်ကြီးစေတီတော် ရွှေသင်္ကန်းကပ်လှူခြင်း ၊ မြို့နာမ်စေတီတော် မဟာရံတံတိုင်းများကို ရှေးမူမပျက် ပြင်ဆင်မွမ်းမံခြင်း ၊ အောင်မြေအဆောက်အဦနေရာအား အလင်းဖွင့်မှန်တပ်ဆင်ခြင်းနှင့် စေတီတော်ပရဝဏ်အတွင်းရှိ ပြုပြင်ရန်လိုအပ်သော နေရာများအား ပြုပြင်မွမ်းမံခြင်းများအတွက် ငွေကျပ် (၁၄၈,၁၇၂,၃၃၆) လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။