Skip to main content
x

လွိုင်ကော်မြို့ပေါ်ရှိ စာသင်ကျောင်း (၇)ကျောင်းအား ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်

တိုင်းဒေသကြီး/ပြည်နယ် ၉ ခု မှ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများမှအပ ကျန်မြို့နယ်များ အားလုံးမှ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်) အား  နိုဝင်ဘာ ၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အောက်တိုဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ချက်အရ ယနေ့ မနက်ပိုင်းမှစ၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ စာသင်ကျောင်း (၇) ကျောင်းအား ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အဆိုပါကျောင်းဖွင့်လှစ်နေမှုကို  ကယားပြည်နယ်အစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ဝန်ကြီးဗိုလ်မှူးကြီးမြင့်ဝေ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး တို့က ကျောင်းဝန်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် ရေမြှောင်းများရှိ အမှိုက်များ ၊ ခြုံနွယ်များရှင်းလင်းရန်နှင့် ကျောင်းသူ၊ ကျောင်းသားများ စာသင်ခန်းအတွင်း ကိုဗစ်စည်းကမ်းအတိုင်း သတ်မှတ်အကွာအဝေးဖြင့် သင်ကြားစေရေး စသည်တို့ကို  မှာကြားခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများအား  နှာခေါင်းတို့ဖတ် Swab ယူခြင်းများဆောင်ရွက်နေမှုကို ကြည့်ရှု့ကာ လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ကျောင်းများဖွင့်လှစ်နိုင်မှုနှင့် စပ်လျဉ်း၍ “ ကျောင်း (၇)ကျောင်းတွင် အ.ထ.ကကျောင်း (၅)ကျောင်း၊ အားကာသိပ္ပံကျောင်း  နဲ့ အ.လ.က ဒေါတမကျောင်း ၊  လောလောဆယ်တော့ ဒီကျောင်း (၇)ကျောင်းပဲဖွင့်သေးတယ်။ ကျောင်းသားလက်ခံနိုင်မှုအင်အားပေါ်မူတည်ပြီးမှ ဒီကျောင်းတွေမှာ ပေါင်းသင့်ရင်လည်းပေါင်းမယ်။ ထပ်ပြီးမှ ဖွင့်နိုင်တဲ့အခြေအနေရှိတဲ့ကျောင်းတွေိကိုလည်း ထပ်မံဖွင့်သွားမည် ” ဟု လွိုင်ကော်မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

ကျောင်းများဖွင့်လှစ်ရာတွင် ကျောင်းသား၊ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ Mask တပ်ဆင်စေခြင်း၊ Mask မပါသူများကို အခမဲ့ပေးဝေခြင်း၊ လက်ဆေးခြင်း၊ သတ်မှတ်အကွာအဝေးအတိုင်း သွားလာစေခြင်း၊ နှာခေါင်းတို့ဖတ် ယူ၍ ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။