Skip to main content
x

လွိုင်ကော်မြို့တွင် တန်ဆောင်တိုင်ပွဲတော် မီးပုံပျံပြိုင်ပွဲ (ဒုတိယနေ့) ကို စည်ကားသိုက်မြိုက်စွာကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်တန်ဆောင်တိုင်ပွဲတော်မီးပုံးပျံပြိုင်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲ ဒုတိယနေ့ကို ယမန်နေ့ညက လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် မီးပုံးပျံပြိုင်ပွဲဝင်အသင်းများ  တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲဒုတိယနေ့အဖြစ် လွိုင်ကော်မြို့ ရပ်ကွက်အသီးသီးမှ ပြိုင်ပွဲဝင်ညမီးကြီး ၉ လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တေးဂီတများဖြင့်လည်း မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုဖျော်ဖြေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပွဲတော်လာ ဧည့်ပရိသတ်များက တခဲနက် ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ညမီးကြီးမီးပုံးပျံ ၃၀ လုံးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာနအသီးသီးနှင့် စေတနာရှင်ပြည်သူများက မြန်မာ့ရိုးရာ အစားအစာမျိုးစုံကို စတုဒီသာ မဏ္ဍပ်များဖြင့် ကုသိုလ်ပြု ဧည့်ခံကျွေးမွေးခြင်း၊ မီးပုံပျံပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင် အသင်းများအား ဆုချီးမြှင့်ခြင်းနှင့်အတူ  တေးဂီတဖျော်ဖြေပွဲများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။